ကျိုင်းတုံ အောက်တိုဘာ ၂၅

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင် ယန်းလှပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  စည်ပင် သာယာရေးဌာန ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေ့စဉ်ဝင်ရောက် လာသည့် ခရီးသွားလာသူများနှင့် အပြင်ထွက်သွားလာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စနစ်တကျ တပ်ဆင်ရန်နှင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်း များကို တိကျစွာလိုက်နာကြရန် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အလားတူ ကျိုင်းတုံမြို့နယ်တွင် လူစည်ကားရာနေရာများ၊ စျေးများတွင် အပြင်ထွက်သွားလာ သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)