နတ်မောက်  အောက်တိုဘာ  ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးနှောင်းကာလ ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း   သိရသည်။

“ကျွန်တော်တို့ငယ်ငယ်ကတော့ စိုက်ပျိုးရေးနည်းစနစ်တွေက ခေတ်မီမှုမရှိသေးတော့ မိရိုးဖလာ ပဲနောက်မျိုးကိုဘဲ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်၊ နှစ်တွေကြာလာတော့ နည်းပညာ အပြောင်းအလဲကြောင့်  သီးနှံမျိုးကွဲသစ်များ ပေါ်ပေါက်လာတယ်၊ အခုကျွန်တော်တို့က ပဲနောက်စေ့ထက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းတဲ့ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးများကို ရွေးချယ် စိုက်ပျိုးရတာပါ၊ ပဲနောက်ဆိုတာက အစေ့သေးသေးလေးတွေပါ၊ ပဲတီစိမ်းကတော့ အတောင့် လည်းကြီးပြီး အစေ့လည်းကြီးတယ်၊ ပိဿာချိန်နဲ့ဆိုရင် ပဲနောက်စေ့က အချိန်စီးပြီး ပဲတီစိမ်းက ဝိတ်ချိန်သိပ်မစီးဘူး၊ အခုကျနော်စိုက်ပျိုးတဲ့ ပဲတီစိမ်းက ရေဆင်း-၁၄ မျိုးပါ၊ သက်တမ်းက ရက်ပေါင်း (၅၀) ရောက်တဲ့အချိန်မှာ ပဲတီစိမ်းတွေ ရင့်မှည့်ခြောက်သွေ့လာတာပါ၊ ပဲတီစိမ်းပေါ်လာလို့ စျေးကွက်ကို တင်ပို့ရောင်းချနေပြီ ”ဟု ဂွေးချိုကျေးရွာမှ ကိုစိုးမင်းက ပြောသည်။

တောင်သူများအနေဖြင့် ပဲတီစိမ်းများကို စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ပဲတီစိမ်းတစ်ပိဿာကို (၂၄၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းရရှိပြီး နတ်မောက်မြို့နယ်တွင် ယနေ့ချိန်ထိ ပဲတီစိမ်းစိုက်ပျိုးပြီးစီးမှု ဧကစုစုပေါင်း (၄၆၆၉၆) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မူမူစန်း(ပြန်/ဆက်)