နေပြည်တော် အောက်တိုဘာ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မက်(စ်)မြန်မာဟိုင်းဝေးကုမ္ပဏီမှ  B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော အမှတ်(၃)လမ်းမကြီးမှတစ်ဆင့် အမှတ်(၇)လမ်းမကြီးအတိုင်း လမ်းတစ်လျှောက်ကို လည်းကောင်း၊ အမှတ်(၂)လမ်းမကြီး မိုင်တိုင်(၁၆ / ၄) အနီးတွင်  Max Myanmar Highway Co;Ltd မှ  (၄၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး ခန်းမဆောင်၌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့်အတူ ပိုမိုရင်းနှီးမှုရှိစေရန် နေ့လယ်စာအတူစားသုံး ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးအနောက်မြို့ရှောင်လမ်း မိုင် (၅/၇) မှ မိုင် (၃၂/၆) မှ (၃၂/၇) ရှိ လသာကုန်း underpass သို့ ဆက်သွယ်သည့် လမ်းဖောက်လုပ်မည့်      လမ်းအူကြောင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းအူကြောင်း သတ်မှတ်ရာတွင် တောင်ကုန်းအတက်၊ အဆင်းနှင့် အကွေ့အဝိုက်နေရာများကို ပြန်လည်စိစစ်တိုင်းတာသတ်မှတ်ရန်၊ မြေယာလျော်ကြေး ပေးလျော်မှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၃၉) မှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်) လမ်းပိုင်းကို လမ်းတစ်လျှောက်ကြည့်ရှုပြီး မိုင်(၂၀၄/ ၀) မှတစ်ဆင့် နေပြည်တော်ကောင်စီနယ်မြေ၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နွယ်နီထွန်းက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်