နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၆၉) ၏သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် မျိုးဆက်သစ်များကို ပုံသွင်းပေးရသောအခြေခံပညာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းများကို နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ပြန်လည်ဖွင့်လှစ် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း။
သင်တန်းကို အခြေခံပညာဦးစီးဌာနရှိ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြအဆင့် အခြေခံ ပညာဆရာ၊ ဆရာမများကို နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လေ့လာနိုင်စေရန်၊ ဆရာ့သိက္ခာနှင့် တရာ့ကျင့်ဝတ်များကို သဘောပေါက်တန်ဖိုးထားတတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ အခြေခံစစ်ပညာကို နားလည်သဘောပေါက်စေရန်နှင့် မိမိနိုင်ငံတော်အစဉ် တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ရှိမှု၊ တာဝန်သိမှုများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။

ယနေ့ မျက်မှောက်ခေတ်တွင် ဆရာ၊ဆရာများအနေဖြင့် မိမိတို့ပညာရပ်အတွက် အထောက်အကူ ပြုစေမည့် ဘာသာစကားများ တတ်ကျွမ်းအောင် သင်ယူနေကြရသလို ကျောင်းသား၊ လူငယ်များကို ထိရောက်အောင်မြင်စွာ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ၊ သင်ပြနည်းများ၊ သင်ရိုး ညွှန်းတမ်းများ၊ သင်ထောက်ကူများကိုလည်း အစဉ်အမြဲဆန်းသစ်ပြုပြင် နေကြရမှာဖြစ်၍ ခေတ်စနစ်အလိုက် ပြောင်းလဲနေသော ခေတ်မီပညာရပ်များကို သင်ကြားပေးနိုင်ရေး အစဉ်အမြဲ ကြိုးပမ်းအားထုတ်ရန် လိုပါကြောင်း။
ထိုကြောင့် သင်တန်းကာလအတွင်း သင်တန်းသားအချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်ရင်းနှီးစွာ နားလည်မှုများနှင့်နေထိုင်ပြီး ဘာသာရပ်သင်ခန်းစာ ပို့ချမှုများကို စိတ်ဝင်တစား ဆွေးနွေးလေ့လာကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ထုတ်ပြန်ထားသည့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ တည်မြဲအမိန့်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ တည်မြဲအမိန့်တွင်ပါသော စည်းကမ်းများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုပါ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားသည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား (၉၃) ဦး၊ သင်တန်းသူ (၃၇၆) ဦး၊ စုစုပေါင်း (၄၆၉) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၅ အထိ ရက်သတ္တ(၅)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်