နေပြည်တော် အောက်တိုဘာ ၂၅

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် ယနေ့နံနက်  ၁၁ နာရီတွင် ပဲခူး တိုင်းဒေသကြီးပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင် ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ပညာရေးလုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်ရသူများသည် ဆရာဆရာမများပင် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အလွတ်ကျက်ဖြေကြားသည့်စနစ်မှ အမျိုးမျိုး စဉ်းစားတွေးခေါ်နိုင်သည့်သူများ ဖြစ်လာစေရန် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်း သားကျောင်းသူများကို သင်ကြားရာတွင် စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းလေးစား တန်ဖိုးထားသည့် အလေ့အကျင့် ကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်အရ ခရိုင် ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ထိုကျောင်းများသို့ KG +9  အောင်မြင်ပြီးသည့် ကျောင်းသားကျောင်းသူများ တက်ရောက် လိုပါက လွယ်ကူစွာတက်ရောက်၍ ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာတွင် အတန်းကူးပြောင်းနှုန်းနှင့် အောင်ချက်မြင့်မားရေးကို တိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)