တောင်ကြီး အောက်တိုဘာ ၂၅

ဒေသဖွံ့ဖြိုးတိုးတက်စေရန် တစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့ အစည်းတစ်ခုတည်းနှင့် လုပ်ယူ၍မရဘဲ၊ ဆက်စပ်ဌာနအချင်းချင်း ပေါင်းစည်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ စက်တင်ဘာ(၂၃)ရက်တွင် ကျင်းပခဲ့သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီအစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် က MSME ထုတ်လုပ်မှုကဏ္ဍတွင်  လုပ်ငန်းအမျိုးအစား(၂၃)ခုရှိသော်လည်း ပြည်တွင်းရှိ ကုန်ကြမ်းများကို အသုံးပြု၍ လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစား(၁၂)ခုကို ဦးစားပေးအနေ ဖြင့် ထုတ်လုပ် ဆောင်ရွက်ရန်နှင့် မွေးမြူရေးကဏ္ဍတွင်အဓိကစားသုံးသော (ကြက်၊ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို) တိုးမြှင့်မွေးမြူရန် မှာကြားခဲ့ပါကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က ယခုအစည်းအဝေးတွင် အေဂျင်စီအဖွဲ့ဝင်ပါဌာနများ အနေဖြင့် မိမိတို့ဌာနအလိုက် MSMEများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင် ပြစေလိုကြောင်း၊ တင်ပြချက်များမှ အားသာချက်များကို လက်တွေ့အကောင်အထည်ဖော်ပြီး အားနည်းချက်များရှိပါက ဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ ရှမ်းပြည်သည် မြေဧရိယာကျယ်ဝန်းသည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အောင်မြင်ဖြစ်ထွန်းသကဲ့သို့ မွေးမြူရေးဇုန်များ ထပ်မံဖော်ထုတ်ရေး ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်နယ် MSME Agency အနေဖြင့် ဒေသတွင်းရှိ အသေးစား၊အငယ်စား၊ အလတ်စားစီးပွား ရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့်မိမိတို့ဒေသအတွင်းရှိ MSMEများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစီုင်းသော်ဝင်းတို့က ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်များဖြစ်သည့် ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ပြည်နယ်သမဝါယမဦးစီးဌာန ၊ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ၊ပြည်နယ်စည်ပင်သာယာရေးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများမှ MSME လုပ်ငန်းများဆောင်ရွက်မှုအခြေအနေဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရှမ်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ၎င်း၏ ညီနောင် အသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် တောင်ကြီး၊ တာချီလိတ်၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှဆွေးနွေးတင်ပြကြပြီး အထွေထွေ ဆွေးနွေးရာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာမှ ဆွေးနွေးတင်ပြ၍ ဆွေးနွေးတင်ပြ ချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များဖြည့်စွက် ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)