အောက်တိုဘာ ၂၆

 

အိန္ဒိဘနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ယမန်နေ့က ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အခြားကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

 အဆိုပါဗုံးပေါက်ကွဲမှုသည် အနောက်ဘန်ဂေါပြည်နယ်မြို့တော် ကိုလ်ကတား၏မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ ဘာပါရာရှိ ရထားသံလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ရဲတပ်ဖွဲ့၏ကနဦးစုံစမ်းတွေ့ရှိချက်အရ  ဗုံးပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ရထားသံလမ်းပေါ်တွင် စွန့်ပစ်ထားသောအိတ်တစ်လုံးကို ထိုကလေးတို့ကတွေ့ရှိပြီး ကိုင်တွယ်ရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုပေါက်ကွဲမှုဖြစ်ပွားရာအနီးတွင် အခြားဗုံးတစ်လုံးကိုတွေ့ရှိခဲ့သဖြင့် ဗုံးရှင်းလင်းရေးအဖွဲ့က ၎င်းဗုံးကိုယူဆောင်ပြီး  ဘေးကင်းရာနေရာတွင် ဖျက်ဆီးပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ရဲတပ်ဖွဲ့က ၎င်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး နောက်ကွယ်တွင်ပါဝင်ပတ်သက်နေသူများကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို