နေပြည်တော်၊ အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၄၇၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခွဲတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄၅/၆)အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၇၀ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ်၊ စိန်ပန်းကျေးရွာတွင် ပါကျဲ (ခ) စိုးလင်းထွန်းအား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် ကိုစိုင်း (ခ) စောဇာနည်မောင်နှင့် မျိုးအောင် (ခ) ဟော့ထင်ချန် တို့ကို GlOCK 9 MM ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာတွင် အားဝေ (ခ) လောက်ဆန်းနှင့် သက်ဦး (ခ) စောသက်ဦး တို့အား Crown မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်