ဘားအံ အောက်တိုဘာ ၂၆
ဘားအံတက္ကသိုလ်တွင် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာ ဆရာမများက မြကျွန်းညိုညိုတေးသီချင်းကို သီဆို၍ သစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းကို ဖွင့်လှစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “စံနမူနာပြ ဆရာ ဆရာမများ၏ဘဝကို ခံယူကြရန်၊ တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို မျိုးစေ့ချပေးရန်၊ အစဉ်အမြဲမြှင့်တင်ပေးရန်၊ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးတို့တွင် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ပေးကြရန်” တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြ၊ သရုပ်ပြ၊ ဆရာ ဆရာမသစ်လွင်များအား ဂုဏ်ပြုထောက်ပံ့ ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ပြီး ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက မွမ်းမံသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆရာ ဆရာမသစ်လွင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် နည်းပြ၊ သရုပ်ပြ၊ ဆရာ ဆရာမသစ်လွင်များက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုစပ်ဆိုထားသော ပညာရေးဝန်ကြီးဌာနအဆင့် ပြိုင်ပွဲဝင်မည့် ပညာရေးပန်းတိုင် နိုင်ငံ့မဏ္ဍိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နည်းပြ၊ သရုပ်ပြ၊ ဆရာ ဆရာမ သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)