နေပြည်တော် အောက်တိုဘာ ၂၆

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ စာသင်ခန်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို တွက်ချက်၍ စာရင်းပြုစု တင်ပြပေးကြရမည်ဖြစ်ပါကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု - စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ထိုကျောင်းများတွင် KG+12 ပညာရေးစနစ်ကို သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု စသည်ဖြင့် မိမိတို့ဝါသနာပါရာကို အထူးပြု တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအသုတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။  

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက  စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးပါကြောင်း၊ စီမံခန့်ခွဲမှု ကောင်းမွန်မှသာ ပညာရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးများက မိမိတို့တာဝန်ထမ်းဆောင်ရာဒေသ၏ သွားရေး၊ လာရေး၊ သင်ကြားသင်ယူရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အတွေ့အကြုံများ၊ အားသာချက် အားနည်းချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲ၊ ပြဿနာဖြေရှင်းမှု စသည်များကို ဆွေးနွေးညှိနှိုင်း၊ အသိပညာဖလှယ်၍ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အချင်းချင်း အသိပညာ၊ အတတ်ပညာ အတွေးအမြင်များကို ဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း။ 

စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ သင်တန်းပြီးဆုံး၍ မိမိတို့မြို့နယ် ပြန်ရောက်သည့်အခါ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်များနှင့် ထပ်ဆင့် အလုပ်ရုံဆွေးနွေးပွဲ မွမ်းမံသင်တန်းများကို  ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပကြသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး (၁၂၈)ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၇)ဦးတို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ယနေ့မှ အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်