နေပြည်တော် အောက်တိုဘာ ၂၆
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီ(သတ္တမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ မြန်ဆန်ချောမွေ့စေရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေအနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က (ဆဋ္ဌမအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)