နေပြည်တော် အောက်တိုဘာ ၂၆
(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာ စိုက်ပျိုး ရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့ နံနက် (၈)နာရီခွဲတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး များနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြသည်။
(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်း အဝေး၌ အာဆီယံထိပ်သီး အစည်းအဝေးများမှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များ၊ အာဆီယံ ဒေသတွင်း၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍနှင့် စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ မူဘောင်များအား အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီး (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၏ အစီရင်ခံစာတွင်ပါရှိသော အာဆီယံလယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စားနပ်ရိက္ခာကဏ္ဍ၊ သီးနှံ ကဏ္ဍ၊ ငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ကဏ္ဍနှင့် ၂၀၂၃ခုနှစ်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်မည့် အဓိကလုပ်ငန်းစဉ်များကို ဆွေးနွေး အတည်ပြုကြသည်။
(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားသည် နှင့်အညီ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်ပပို့ကုန်မှရရှိငွေ ၃၅ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသရှိ လူဦးရေ ၇၀ရာခိုင်နှုန်းတို့ သည် လယ်ယာလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်းမရှိဘဲ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း ၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၇ သန်း ၊ ပြောင်းတန်ချိန် ၂ ဒသမ၆ သန်း ၊ နှမ်းတန်ချိန် ၀ ဒသမ ၃ သန်း နှင့် ရေထွက်ပစ္စည်း တန်ချိန် ၀ ဒသမ ၆ သန်း တို့ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ထိုသို့ စားနပ်ရိက္ခာ ဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံရေးကို ဝိုင်းဝန်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်နိုင်မှုသည် အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍ(၂)ခု၏ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက် နိုင်မှုနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ ကူညီပေးမှုကြောင့် ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ (၂၂) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို မွန်းလွဲ(၁)နာရီတွင် ကျင်းပရာ အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးမှ ချမှတ်ခဲ့သော လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များ၊ အာဆီယံ အပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံ အပေါင်းသုံး ဆန်အရန်ရိက္ခာထားရှိရေး သဘောတူညီချက်နှင့် အာဆီယံ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်တို့၏ အကောင်အထည်ဖေါ် ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းအစီ အစဉ်များကို ချမှတ်ပေးခဲ့ကြပြီး အစည်းအဝေးဆိုင်ရာ ပူးတွဲကြေညာချက်တို့ကို သဘောတူခဲ့ကြ သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က အာဆီယံနိုင်ငံများရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိသည့် အပေါင်းသုံးနိုင်ငံများ ဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အား ကျေးဇူး အထူးတင်ရှိပါကြောင်း၊ အာဆီယံ အပေါင်းသုံး ဆန်အရန် ရိက္ခာထားရှိရေး သဘောတူညီချက် ၏ Tier 3 ၂၀၂၂ ခုနှစ် အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၆၀၀)အား မြန်မာနိုင်ငံတွင် သိုလှောင်ရန် ကမ်းလှမ်းလာမှုအပေါ် ကြိုဆိုပါကြောင်းနှင့် ထိုသို့ ကမ်းလှမ်းလာမှု အတွက် ကိုရီးယား သမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိပါကြောင်းဆွေးနွေး ပြောကြားခဲ့သည်။
(၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ညနေ(၄)နာရီတွင် ကျင်းပရာ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယစီးပွားရေး ဝန်ကြီးများ အစည်းအဝေးများမှ ထွက်ပေါ်လာသော လယ်ယာကဏ္ဍဆိုင်ရာ အချက်များနှင့် အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖေါ် ဆောင်ရွက်မှု အခြေအနေတို့ကို အခြေခံ၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးများက အကြံပြုဆွေးနွေး ကြသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ရေရှည်တည်တံ့ပြီး သဘာဝနှင့် လိုက်လျော ညီထွေရှိရုံ သာမကရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သာ စိုက်ပျိုးရေး ဖြစ်ထွန်း လာစေရေးနှင့် မြေဆီလွှာ ရေရှည်တည်တံ့စေရေးအတွက် စီမံခန့်ခွဲရေးလုပ်ငန်းများအား အဆင့်မြင့်အရာရှိကြီး များနှင့် လုပ်ငန်းအဖွဲ့အနေဖြင့် ပိုမိုအားထုတ်ကြိုးပမ်းရန် တိုက်တွန်း လိုပါကြောင်း၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား လယ်ယာကဏ္ဍပူး ပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာ ရှင်များ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုသည် ပိုမိုထိရောက်ပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များအဆင့်အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို အတည်ပြုခဲ့ကြကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)