နေပြည်တော်၊ အောက်တိုဘာ ၂၆

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက်တွင်  ရခိုင်ပြည်နယ် ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်နှင့်ဂွမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၇ ဒသမ ၄၀၆၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၂၀,၈၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ  အောက်တိုဘာ ၂၄ ရက်တွင်  မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ်နှင့်မင်းဘူးမြို့နယ်တို့အတွင်း  တရားမဝင် ရေနံစိမ်း (၅၂၆) ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ,၅၇၈,၀၀၀)နှင့် အဆိုပါတရားမဝင်ပစ္စည်းများ  တင်ဆောင်လာသည့် ဆိုင်ကယ် (၁၀)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၇၇၄,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ ဆင်ပေါင်ဝဲ မြို့နယ်၊ လွန်ချီကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်  စက်လှေ(၂)စီးနှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၀၀၀,၀၀၀)ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေအရ လည်းကောင်း၊ ‌ချောက်မြို့နယ်၊ ကံမမြို့နယ်နှင့် မင်းတုန်း မြို့နယ်တို့အတွင်း တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၃၄ ဒသမ ၅၆၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၈၁၃,၆၉၂) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆,၁၆၅,၆၉၂)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၂၅ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန် အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် MSI နှင့် ASUS အမျိုးအစား Gaming Laptop (၁၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့်ကိုက်ညီမှုမရှိသည့် လုပ်ငန်းသုံးစက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၁၄၁,၆၀၀) ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉,၁၄၁,၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၂)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရစ္ဆာန်အရှင်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၅၁၀,၀၀၀)နှင့် အဆိုပါတိရစ္ဆာန်အရှင်များ သယ်ဆောင်လာသည့် မော်တော်ယာဉ် (၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁,၅၁၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  Caldina အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၅၀၀,၀၀၀)ကို လည်းကောင်း၊ မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၇၉၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel အမျိုးအစား  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၂၉၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  အောက်တိုဘာ ၂၂ ၊ ၂၄  နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိသည့် စုစုပေါင်း အမှုတွဲ(၂၃)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၁,၀၃၃,၁၂၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။