မော်လမြိုင်၊ အောက်တိုဘာ ၂၇
မွန်ပြည်နယ်အတွင်း တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် သဘာဝမြေဩဇာရရှိရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးတို့ကို ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက မော်လမြိုင် နည်းပညာတက္ကသိုလ်၊ ရွှေဇီဝ သဘာဝမြေဩဇာ စက်ရုံသို့ရောက်ရှိ၍ သဘာဝမြေဩဇာ ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုအားပေးသည်။
ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာ စသည့်စိုက်ပျိုးရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝမြေဩဇာသည် မြေဆီမြေနှစ်၊ အထွက်နှုန်း ပိုမိုကောင်းမွန်စေကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် မြေဩဇာကို အရည်သွေး ကောင်းမွန်စွာဖြင့် ထုတ်လုပ်၍ ဒေသခံတောင်သူများကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးစေလိုကြောင်း၊ သဘာဝမြေဩဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြု စိုက်ပျိုးခြင်းကို အားပေးရန်နှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရွှေဇီဝ သဘာဝမြေဩဇာ စက်ရုံတာဝန်ခံ ဒေါက်တာခင်ဆွေအေးမှ သဘာဝမြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ တောင်သူများကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်ရေး ပညာပေးလုပ်ငန်းများ၊ ဈေးကွက်သို့ တင်ပို့ရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ သဘာဝမြေဩဇာ ထုတ်လုပ်နေမှု အခြေအနေများအား ကြည့်ရှု အားပေးခဲ့သည်။
ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)