မော်လမြိုင်၊ အောက်တိုဘာ ၂၇

 

မွန်ပြည်နယ် နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

 

ဦးစွာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်ပအစားထိုး သွင်းကုန်များကို မိမိတို့ပြည်နယ် အတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာပြီး ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို ဖော်ဆောင်၍ ဒေသထွက်ကုန် ထုတ်လုပ်ခြင်းများကို မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ပိုမိုတိုးတက် ထုတ်လုပ်စေခြင်းတို့ကို အထူးအလေးပေး ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရှိစေရန်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေမည့် လုပ်ငန်းများကို Standard Operating Procedure (SOP) များနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေး အခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများ စီးပွားရေးအခွင့်အလမ်းများ ရရှိစေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)