နေပြည်တော် အောက်တိုဘာ ၂          

 

အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၀ ကျော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်တွင် အိမ်ခန်းပေါင်း (၄၄၈) ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း (၃၁၀၄) ခန်းနှင့် မန္တလေးမြို့တွင် အိမ်ခန်းပေါင်း (၁၄၅၆) ခန်းတို့ကို တည်ဆောက်လျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောသည်။

 

ယမန်နေ့နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လမ်းပန်းဆက်သွယ်ရေး သွားလာရ ခက်ခဲသည့်ကြားမှ မြို့ပြနှင့်အိမ်ရာ ကဏ္ဍကို ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရန်အတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ ဖြည့်ဆည်းနိုင်ရန်ဆိုသည့် ရည်မှန်းချက်ကို မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ရာ စီမံကိန်းများအဖြစ် ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ၊ ယုဇနအိမ်ရာ၊  ကနောင်အိမ်ရာ၊ အောင်မြင့်မိုရ်နှင့် သီလဝါဥယျာဉ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောက်လုပ် ရောင်းချပေးလျက်ရှိကြောင်း။

 

ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသည့် လူနေထိုင်မှုဘဝရရှိနိုင်ရေးနှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားတိုးတက် လာစေရေးအတွက် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် Mingaladon  Industrial  Park, Korea  -  Myanmar Industrial Complex, Yangon Amata Smart and Eco City ၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အိမ်ရာများအပြင် ပြည်သူ့အငှားအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအိမ်ရာများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခန်းပေါင်း (၄၉၂) ခန်း တည်ဆောက်ပြီးစီးမှု၊  မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ  ရေးဆွဲဆောင်ရွက်နိုင်မှုနှင့် အိမ်ရာ လိုအပ်ချက်ဆိုင်ရာများကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဘဏ္ဍာရန်ပုံငွေ၊ စီမံခန့်ခွဲမှုနှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်