နေပြည်တော် အောက်တိုဘာ ၂၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် “တတိယအကြိမ် မြန်မာ(လားရှိုး) - တရုတ် (လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  Virtual စနစ်ဖြင့် ကျင်းပသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ ပါတီကော်မတီ အတွင်းရေးမှူး၊ ကျန်းကြည်းကျိန့်၊ လင်ချန်းမြို့ မြို့တော်ဝန် သုကျန့်ဟွေးနှင့် တာဝန်ရှိသူများ၊ ကုန်သည်အသင်းအဖွဲ့များနှင့် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီ (၄၃) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် လင်ချန်းမြို့ ပါတီကော်မတီ အတွင်းရေးမှူးတို့က မိန့်ခွန်းပြောကြားခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရ၊ စီးပွားရေးရာ ဝန်ကြီးက ကုန်စည်ပြပွဲအား ဖွင့်လှစ်ကြောင်း ကြေညာပေးသည်။

 

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ စားသောက်ကုန်များ၊ ပရိဘောဂ ပစ္စည်းများနှင့် အဝတ်အထည်များကို မြန်မာနိုင်ငံမှ ကုမ္ပဏီ (၃၃) ခုနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ (၁၀)ခု၊ စုစုပေါင်း (၄၃) ခုတို့သည် Myanmar Online  Expo  Park အွန်လိုင်းကုန်စည်ပြပွဲ Platform မှ (၄) ရက်ကြာ ပါဝင်ပြသကြမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် http://www.myanmarexpopark.com သို့ဝင်ရောက်၍ Visitor/Buyer Registration တွင် မှတ်ပုံတင် ဆောင်ရွက်ပြီး လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း  သိရသည်။

 

သတင်းစဉ်