ပြည် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းမှစတင်ကာ စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီတွင် ဘုရားအနေကဇာတင် ပူဇော်ပွဲ စတင်ကျင်းပမည်ဖြစ်ပြီး နံနက် ၇ နာရီတွင် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲနှင့် ဗုဒ္ဓမြတ်စွာ ဘုရားအမှူးပြုသော သံဃာတော် ၁၀၉ ပါးအား ဆွမ်းဆန်တော် လောင်းလှူပွဲကို ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို စေတီတော် မြတ်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်အပူဇော်ခံပွဲ ကျင်းပမည်ဖြစ်ကာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာ ကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်သို့ ပြန်လည်ပင့်ဆောင်ခြင်းအောင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)