လွိုင်ကော် အောက်တိုဘာ ၂၇
ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် အစားထိုးရွေးချယ်ခြင်း၊ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ အစားထိုး ရွေးချယ်ခြင်း စသည့်အစည်းအဝေးများပြုလုပ်ခြင်းနှင့် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက သဘာပတိ ဆရာတော်ကြီးများအဖြစ် ဦးဆောင်ကြပြီး ကယားပြည်နယ်အတွင်း လစ်လပ်လျက်ရှိသော နိုင်ငံတော် ဩဝါဒါစရိယဆရာတော် တစ်ပါး၊ သံဃသမ္မုတိရ သံဃာ့ ကိုယ်စားလှယ် ဆရာတော် တစ်ပါးနှင့် ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော် သုံးပါးတို့အား သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ကယားပြည်နယ်မှ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကိုဇင်(လွိုင်ကော်)