နေပြည်တော် အောက်တိုဘာ ၂၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ ကျွဲရဲပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က Super Custom အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်ခွဲသား (၁၁ ဒသမ ၄၃၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၄၇,၂၃၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃,၅၄၇,၂၃၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် Bopp Film ကီလိုဂရမ်(၂၄၀၀) ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၆,၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၁၆,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် အောက်တိုဘာ ၂၆ ရက်နှင့်၂၇ ရက်တို့တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၂)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၁၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်(၉ ဒသမ ၆၂၃၈)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၃၃,၀၂၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ(၇)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၇၀၆,၂၆၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်