နေပြည်တော် အောက်တိုဘာ ၂၇

တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးကွန်ဖရင့် (၂၀၂၂) (Conference on Science and Technology Development – 2022) (CSTD-2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဉီးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တင်သွင်း ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်း ၂ စောင် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာသုတေသနစာတမ်း  ၆၃ စောင် စုစုပေါင်း ၆၅ စောင် ဖတ်ကြားသည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) ကို အောက်တိုဘာ ၂၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော ပါမောက္ခများ၏စာတမ်း ၂ စောင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၆ စောင် စာတမ်းစုစုပေါင်း ၅၈ စောင် ဆက်လက်ဖတ်ကြားသွားမည်ဖြစ်ပြီး အကောင်းဆုံးစာတမ်း ၇ ဆုနှင့် အကောင်းဆုံးပိုစတာ ၂ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ကျင်းပသည့် ကွန်ဖရင့်ဖြစ်သည်။

အဆိုပါကွန်ဖရင့်သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့်အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းတက် ရောက်နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကိုယ်တိုင်လာရောက်စာတမ်း မဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ် များနှင့်ပါမောက္ခများက ဗွီဒီယိုကွန်ဖရင့်ဖြင့် အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်