နေပြည်တော် အောက်တိုဘာ ၂၇

မဟာအောင်မြေမြို့နယ်၊ တောင်ကြီးမြို့နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲတွင်  မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ၆၀ x ၆၁ လမ်းကြား၊ ၄၂ လမ်းပေါ်တွင် ယော်ကျိန်ဖန်း မောင်းနှင်လာသည့် Land Cruiser အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ ညွန့်မောင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၃၀ ကိုလည်းကောင်း၊  ထို့အတူ အောက်တိုဘာ ၂၆ ရက် နံနက်  ၉ နာရီ ၁၅ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာ အုပ်စု၊ တာဆန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရန်ဖူချီ မောင်းနှင်လာသည့် CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများရောစပ် ထားသော အမှုန့်(Happy Water) ၂ ဒသမ ၀၇၁ ကီလို၊ ၁၂ ဗို့ ပြောင်းချောကျည် အတောင့် ၉၀၀ နှင့် THAIARMS 9mm တံဆိပ်ပါ ကျည်အတောင့်  ၁,၉၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားကြောင်း သိရသည်။

သတင်းစဉ်