အောက်တိုဘာ ၂၈

 

အာဖရိကနိုင်ငံ ၁၃ နိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၆၈၈၃ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ( အာဖရိကစီဒီစီ)က ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။

 

အာဖရိကစီဒီစီ၏ထုတ်ပြန်ချက်အရ ထိုရောဂါကူးစက်မှုကြောင့် ၁၇၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ထိုကျန်းမာရေးအေဂျင်စီက  ယင်းရောဂါကူးစက်ခံရသူ ၆၈၈၃ ဦးတွင် သံသယရှိသူ ၅၉၉၂ ဦးနှင့် အတည်ပြုလူနာ ၈၉၁ ဦးရှိကြောင်း မှတ်ချက်ပြုထားသည်။

 

မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှုတွေ့ရှိခဲ့သာအာဖရိကနိုင်ငံ ၁၃ နိုင်ငံအနက် ထိုရောဂါကူးစက်မှုဖြစ်ပွားလေ့ရှိသော နိုင်ငံရှစ်နိုင်ငံမှာ ဘီနင်၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂို၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂါနာ၊ လိုက်ဘေးရီးယားနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ဖြစ်ပြီး ထိုရောဂါဖြစ်ပွားလေ့မရှိသော နိုင်ငံငါးခုမှာ အီဂျစ်၊ မော်ရိုကို၊ မိုဇမ်ဘစ်၊ တောင်အာဖရိကနှင့် ဆူဒန်နိုင်ငံတို့ဖြစ်သည်ဟု အာဖရိကစီဒီစီက ပြောကြားသည်။

 

မျောက်ကျောက်ရောဂါကူးစက်မှုကို မျောက်များတွင် ၁၉၅၈ ခုနှစ်က ပထမဆုံးစမ်းသပ်စစ်ဆေးတွေ့ရှိခဲ့ရာ တောရိုင်းတိရစ္ဆာန်များမှ လူသို့ကူးစက်ခြင်း (သို့မဟုတ် ) လူမှလူသို့ကူးစက်ခြင်းဖြစ်သည်ဟု ယူဆရသည်။

 

ထိုရောဂါသည် ရှားရှားပါးပါးဖြစ်ပွားသောဗိုင်းရပ်စ်ရောဂါဖြစ်ပြီး များသောအားဖြင့် ခန္ဓာကိုယ်မှထွက်ရှိသောအရည်များ၊ နှာချေ၊ချောင်းဆိုးရာမှထွက်ပေါ်လာသည့်အမှုန်အမွှားများနှင့် ညစ်ပေသောအရာဝထ္ထုများမှတစ်ဆင့် ကူးစက်မှု ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

 

ထိုရောဂါကူးစက်မှုသည် များသောအားဖြင့် ဖျားနာခြင်း၊ အဖုအပိမ့်ထွက်ခြင်းနှင့် ရောင်ရမ်းခြင်း လက္ခဏာတို့ဖြစ်ပေါ်လေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို