နေပြည်တော်၊ အောက်တိုဘာ ၂၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ်၊ ကန်ရေတိုးဂိတ်အနီး၊ မင်းဘူး-ပဒါန်း ကားလမ်းမကြီးဘေး၌ တရားမဝင် ရေနံစိမ်း (၄၈) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂,၀၀၀) နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၁၂,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ချင်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်လမ်းဆုံတွင် Nissan X-Trail အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကား တာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော် ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၉၇၂,၄၀၀)နှင့် အဆိုပါ တရားမဝင် ဆေးဝါးများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄,၉၇၂,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားဆေးဝါးဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် (၀.၄၅၀၂)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၇,၁၃၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၂၈၁,၅၃၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)