နေပြည်တော် အောက်တိုဘာ ၂၈
သဘာဝအလျောက် ပေါကြွယ်ဝလျက်ရှိသည့် ရေရင်းမြစ်များအား အကျိုးရှိရှိ ထုတ်ယူ၍ နိုင်ငံတော်နှင့် ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရေး အလေးပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်စက်ရုံများသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်စရိတ် အသက်သာဆုံးဖြစ်၍ Generation Mix အတွင်း Reliable Backbone ဖြစ်ခြင်း၊ စက်ရုံသက်တမ်းကြာရှည်ခြင်း၊ စိုက်ပျိုးရေ ပေးဝေနိုင်ခြင်း၊ ရေကြီးရေလျှံမှုများမှ ကာကွယ်ပေးနိုင်ခြင်း၊ သောက်သုံးရေရရှိစေခြင်း၊ ရေစီမံ ထိန်းသိမ်းအသုံးချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်း၌ မြို့ကြီးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ကြည့်ရှု စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို မြို့ကြီးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ စက်ရုံမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများက နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု၊ ရေဝင် ရောက်မှုနှင့် သိုလှောင်မှု၊ ကျောက်ဆည်မြို့နယ်ရှိ ဇော်ဂျီဆည်ရေသောက် ဧရိယာများသို့ စိုက်ပျိုးရေ ပေးဝေနေမှု၊ ရေထိန်းသိမ်း ကာလများတွင် ဓာတ်အားပေးစက်များ ပုံမှန်ထိန်းသိမ်းပြုပြင်မှု၊ စက်ရုံမှဓာတ်အားကို ဓာတ်အားစနစ်သို့ ပို့လွှတ်ခြင်းအပြင် အနီးဝန်းကျင် ကျေးရွာ ၅ ရွာသို့ ၃၃ ကေဗွီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ခွဲရုံမှတစ်ဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း များဖြင့် ဖြန့်ဖြူးပေးနေမှုကို ရှင်းလင်းတင်ပြပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နွေရာသီကာလ ဓာတ်အားပေးနိုင်ရေးအတွက် စိုက်ပျိုးရေ လိုအပ်ချက်နှင့် ညှိနှိုင်း၍ ဓာတ်အားပေးစက်များအား မောင်းနှင်ပြီး စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး အစဉ်မပြတ်ပြုပြင်ထိန်းသိမ်းရန်၊ တာဘိုင်နှင့် ဂျင်နရေတာစက်များ၊ Water Inlet Butterfly Valve များ၊ Transformer ၊ Switchgear နှင့် Control Panel များအား ပုံမှန်ပြုပြင် ထိန်းသိမ်းသွားရန်၊ လုံခြုံရေး အသိ၊ သတိရှိစွာ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ရုံတိုးတက်မှုအစဉ်ရှေ့ရှု၍ ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြု သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Cooling System ပြုပြင်ထိန်းသိမ်းနေမှု၊ ဂျင်နရေတာနှင့် တာဘိုင်စက်များ လည်ပတ်နေမှု အခြေအနေများ၊ ထိန်းချုပ်ခန်းနှင့် စက်ရုံတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြို့၏ အနောက်မြာက်ဘက် ၃၁ မိုင်ခန့်အကွာ မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထားပြီး ရေလှောင်တမံမှာ မြေသားတမံ ဇုန် အမျိုးအစား ဖြစ်၍ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ဧကပေ ၃၅၉၅၅၀ သိုလှောင်နိုင်ပြီး နှစ်စဉ်စီးဝင်ရေ ဧကပေ ၃၇၃၄၂၀ စီးဝင်ကာ စိုက်ပျိုးရေပေးဝေသော စိုက်ဧက ၉၅၀၀၀ သို့ ရေပေးဝေလျက် တပ်ဆင်အင်အားအနေဖြင့် ၁၅ မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် ၂ လုံး၊ ၃၀ မဂ္ဂါဝပ်မှ ၃၃ ကေဗွီ ၂ ထပ် ဓာတ်အားလိုင်း ၁၀ ဒသမ ၈ မိုင်ဖြင့် ၁၃၂ ကေဗွီ တောင်တော်ကွင်းခွဲရုံသို့ ချိတ်ဆက်ကာ နိုင်ငံတော်ဓာတ်အားကွန်ရက် စနစ်အတွင်းသို့ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ၁၃၅ ဒသမ ၇ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေး လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)