နေပြည်တော် အောက်တိုဘာ ၂၈
အခြေခံပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ဒက္ခိဏသီရိမြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ရှေဦးပြုစုခြင်းအမှတ်စဉ် (၁ /၂ /၃ /၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဒက္ခိဏသိရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်ပညာရေးမှူး ဦးကျော်စိုးဝင်း၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ခင်လှနှင့် ကော်မတီဝင်များ၊ ဒက္ခိဏသီရိမြို့နယ်ပညာရေးမှူး ဦးမင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ခရိုင်ပညာရေးမှူးတို့မှ အမှာစကား ပြောကြားကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူတို့ကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ယင်းနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက သင်တန်းဆင်းလက်စွဲစာအုပ်နှင့် ထောက်ပံပစ္စည်း များပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းကို ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅၇ ဦးတို့ကို အောက်တိုဘာ ၁၈ ရက်မှ ၂၈ ရက်အထိ ကြက်ခြေနီလှုပ်ရှားမှု အခြေခံမူများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ မြွေကိုက်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားဒဏ်ရာများ၊ ဦးခေါင်းဒဏ်ရာနှင့် ကျောရိုးတန်းမကြီးဒဏ်ရာများ၊ သတိလစ်ခြင်း၊ အထွေထွေ အရေးပေါ်အခြေအနေ၊ ဆို့နင်ခြင်း၊ ကြပ်အသုံးပြုပုံနှင့် RICE စည်းနည်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူ ပြုနည်းနှင့် စိတ်ချရသော ဘေးစောင်းအနေအထား ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ဟိန်းမင်းစိုး(သတင်းစဉ်)