နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၁၇/၀ မိုင်၊ ဘေးမှ အနောက်ဘက် နှစ်ဖာလုံခန့်အကွာ ငလိုက်ကြိုးဝိုင်းအကွက် အမှတ်(၇၈)၊ ကျွန်းစိုက်ခင်းအတွင်း၊ ငလိုက်ဆည် ဘေးတွင် ဖွင့်လှစ်ထားသည့် ငလိုက်စခန်းသာဆင်စခန်းသို့ ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ခရီးသွား ဝင်ရောက်မှု များပြားလျက်ရှိကြောင်း ငလိုက်စခန်းသာဆင်စခန်းမှ ဦးညီညီအောင် (လက်ထောက်မန်နေဂျာ)ထံက သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ငလိုက်စခန်းသာ ဆင်စခန်းသို့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဆင်ချစ်သူများ အပြားအပြား ဝင်ရောက်လျက်ရှိကြောင်း၊ ဆင်စခန်းအကျယ်အဝန်းသည် ၅၇၃ ဧကကျယ်ဝန်းပြီး ဆင်စားကျက်ဧရိယာ ၂၈၈ ဧက ပါဝင်ပြီး ဆင်ကောင်ရေ ၂၀ ရှိကြောင်း၊ ဆင်စခန်းဝင်ကြေး တစ်ဦးလျှင် ပြည်တွင်း ၂၀၀၀ ကျပ်၊ ပြည်ပ ဧည့်သည် ၁၀၀၀၀ကျပ်၊ ဆင်စီးခအဖြစ် ခရီးတိုပြည်တွင်းဧည့်သည် ၃၀၀၀ ကျပ်၊ ပြည်ပဧည့်သည် ၁၀၀၀၀ကျပ်၊ ဆင်စီးခခရီးရှည် ပြည်တွင်းဧည့်သည် ၅၀၀၀ ကျပ်၊ ပြည်ပဧည့်သည် ၃၀၀၀၀ ကျပ်ဖြစ်ကြောင်း၊ ဆင်စခန်းသို့ လာရောက်လည်ပတ်သူများအနေဖြင့် ဆင်ကောင် ၂၀ စာအတွက် ဆင်စာဘူဖေးတစ်ခါအတွက် ငွေကျပ် ၇၀၀၀၀ လှူဒါန်းကျွေးမွေးနိုင်ကြောင်း သိရသည်။
ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာနိုင်ငံတွင် အရှည်ဆုံးတံတားတစ်ခုဖြစ်သည့် ရွက်အုပ်ဖြတ်လျှောက် လမ်းတံတား၊(Canopy Walk) ၃၂၇ ပေ၊ အကျယ် ၆ ပေ၊ တံတားပေါ်မှသည် တောတွင်းဖြတ်လမ်းတံတား( Jyngle Walk) ၄၈၁၇ ပေ၊ အကျယ်၊ ၆ပေ၊ ကြိုးတံတား(စတီးကြိုး-သစ်သားကြမ်းခင်း) ၁၇၀ ပေ၊ အကျယ် ၆ ပေတို့အား တဆက်တစပ်တည်း တည်ဆောက်ထားသည့် တံတားပေါ်မှ သဘာဝ တောတောင်အလှအပများကို လေ့လာခံစား နိုင်အောင် တည်ဆောက်ထားကြောင်း တံတားပေရှည်ပေါင်း (၅၁၄၄)ပေ၊ တစ်မိုင်နီးပါး ရှည်လျားကြောင်း သိရသည်။
တောတွင်းဖြတ်လျှောက်လမ်းတံတားပေါ်မှ သက်ကြီးကျွန်းစိုက်ခင်း၊ အပူးပိုင်း ထင်းရှူးစိုက်ခင်း၊ ပိတောက် စိုက်ခင်းများနှင့်အတူ ဒေသမျိုးရင်း သစ်ပင်သစ်မျိုးများ၊ ဝါးမျိုးစိတ်များစွာ သဘာဝအလျှောက် ရှင်သန် ပေါက်ရောက်နေမှုများကို တွေ့မြင်နိုင်ကြောင်း ဆင်စခန်းတာဝန်ရှိသူများမှ ရှင်းပြသည်။
ဆင်ပြတိုက်တွင်လည်း စုံလင်စွာပြသပေးထားပြီး ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေးဆင် အများစု ပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင်ခွဲခြားပြသထားပြီး အာရှဆင်များသည် အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ် မြန်မာ့ဆင်များ မြန်မာ့သစ်လုပ်ငန်းတွင် အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့် ဆင်ဝန်ထမ်းအဆင့်ဆင့် နေအိမ် များကို ဆင်ပြတိုက်တွင်ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊ ဆင်များသည် တစ်နေ့ သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်း လာရောက်လေ့လာလိုသူများ သိရှိလိုသည်များကို ဆင်စခန်း တာဝန်ရှိသူများက လိုက်လံရှင်းပြပေးကြောင်း၊ ငလိုက်ဆည်ဘေးတွင်လည်း စိတ်အေးချမ်းသာစွာ အပန်းဖြေနား နေပြီး စားသောက်ဖွယ်ရာများ မှာယူစားသုံးနိုင်ရန် စီစဉ်ထားရှိကြောင်း၊ ရုံးပိတ်ရက်/ကျောင်း ပိတ်ရက်များတွင် ငလိုက်စခန်းသာ ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဆင်ချစ်သူများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ