ပေါင်းတည် အောက်တိုဘာ ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသထွက်ကုန်များကို အခြေခံ၍ ဓာတုဆေးဝါး ကင်းလွတ်သော မုန့်မျိုးစုံလုပ်ငန်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများက သွင်းကုန်အစားထိုး ထုတ်လုပ်ရောင်းချ လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းကို ဒေသထွက် ဆန်စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ငှက်ပျော၊ အုန်းသီး၊ သံပုရာ၊ ရှောက်၊ သရက်၊ ကျောက်ဖရုံ၊ ထန်းလျက်၊ ဇီး၊ မန်ကျီး၊ နွားနို့၊ ကြက်ဥတို့ဖြင့် နို့မလိုင်ပြောင်းဖူး ပေါက်ပေါက်၊ ကောက်ညှင်းမရွေး၊ မြေပဲယို၊ မြေပဲလိပ်၊ နှမ်းယို၊ ကြက်ဥမြေပဲ၊ ကျောက်ဖရုံယို၊ မြေပဲကြံသကာ၊ စာကလေးခွေ၊ မြေပဲလှော်၊ ပဲမျိုးစုံကြော်၊ သံပုရာပေါင်း၊ ရှောက်ပေါင်း၊ သရက်ယို၊ ထန်းလျက်ချောင်း၊ ငါးမုန့်၊ ကြက်သွန်ကြော်၊ တို့ဟူး​ကြော်၊ ပေါင်မုန့်၊ အစာသွပ်ပေါင်မုန့် များအပြင် မြန်မာ့ရိုးရာ မုန့်ပဲသွားရေစာများကို တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းအနေဖြင့် လုပ်ကိုင်ကြကာ မော်တော်ဆိုင်ကယ်၊ စက်ဘီးများဖြင့် စျေးကွက်သို့​ ဖြန့်ချိရောင်းချ နေခြင်းဖြစ်ကြောင်း သိရသည်။

 

သစ်သီးဝလံ ကုန်စိမ်းအရောင်းအဝယ်လုပ်ကိုင်သူ တောင်ဘို့လှအုပ်စု၊ ပေါက်ကုန်းကျေးရွာမှ ဦးအောင်ကိုက “ကျောက်ဖရုံသီးတွေဝယ်ပြီး ရန်ကုန် ကျောက်ဖရုံယိုလုပ်ငန်းရှင်တွေဆီကို အရင်က ပို့ပါတယ်၊ ခုတော့ နည်းပညာရလို့ ကိုယ်တိုင်ယိုထိုးပြီး ရန်ကုန်ကိုပို့နေပါတယ် ၊ ကုန်ချောက ဝန်ပေါ့သွားသလို သယ်ယူစရိတ်လည်း လျော့သွားတယ်၊ ကုန်ချောစျေးနှုန်းနဲ့ ငွေကြေးလည်းပိုရပါတယ်”ဟု ရှင်းပြသည်။ အဓိက ကုန်ကြမ်းအတွက် ကျောက်ဖရုံသီး အကြီး ၁ လုံးလျှင် ကျပ် ၁၀၀၀ ခန့် ဒေသပေါက်စျေးရှိ၍ စိုက်ပျိုးသူ ဒေသခံ ကျေးလက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။

သူရကြီး( ပြန်/ဆက်)