ကော့ကရိတ် အောက်တိုဘာလ ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာ ထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျှင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ကော့ဝါလဲကျေးရွာ ကျေးလက်ကုန်ထုတ် RC တံတား တည်ဆောက်နေမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငွေစိုး၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆာဒေါက်ဖော့နှင့် မြို့နယ်တာဝန်ရှိသူများက KSM ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ကော့ဝါလဲကျေးရွာ ကုန်ထုတ်တံတား လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို မြေပြင်ကွင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီ စေရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကော့ဝါလဲကျေးရွာ ကုန်ထုတ်တံတားအား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၅၅ ဒသမ ၄၅ ကျပ်သန်းဖြင့် အရှည် ၃၀ ပေ၊ အလျား ၁၄ ပေ၊ အမြင့် ၁၀ ပေ၊ Rcအမျိုးအစား ဖြစ်ပြီး တင်ဒါအောင်မြင်ခဲ့သော KSM ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငွေစိုးထံမှ သိရသည်။
စိုးမိုးကျော်