မိုးနဲ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မိုးသီးနှံ ယာစပါး ယှဉ်ပြိုင်စမ်းသပ်ကွက်များ စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၈ ရက်က မိုက်ဟိုင်း ကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ၌ စိုက်ပျိုးထားသော ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယှဉ်ပြိုင်စမ်းသပ်ကွက်များတွင် ယာစပါးမျိုးများအဖြစ် မုဆိုးမကြွေးကြေ၊ တာပဲဂူ၊ ခေါက်ဖီပန်း(စံထားမျိုး) ၊IR-82635-B-B-75-2 ၊Yn-3230-26-B-4 ၊Tp-30454 စသည့် ယာစပါးမျိုး ၆ မျိုးကို (၆ ဒသမ ၆) စံကွက်ရိတ်သိမ်းခဲ့ရာ IR-82635-B-B-75-2 ယာစပါးမျိုးမှာ တစ်ဧက အစိုတင်း ၆၂ ဒသမ ၄၈ ထွက်ရှိသဖြင့် စမ်းသပ်စိုက်ကွက်တွင် အထွက်နှုန်း အကောင်းဆုံး မျိုးဖြစ်ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် ကွင်းတာဝန်ခံများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပြီး ယခုနှစ်မိုးသီးနှံ ယာစပါးကိုမြို့နယ်အတွင်း ၁၃၆၉ ဧကစိုက်ပျိုးထား ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)