ပဲခူး အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ညောင်အင်းစက်မှုဇုန်ရှိ CMP စက်ရုံဖြစ်သည့် Cobes Industries Bago Co.,Ltd. ခွဲစိတ်ခန်းတစ်ခါသုံး ကျန်းမာရေးဝတ်စုံထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမားများအား အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးစက်မှုဇုန်တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်တင်က အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ဆိုင်ရာ နစ်နာမှုများ၊ အငြင်းပွားမှုများရှိလာပါက စက်ရုံတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)တွင် ဆွေးနွေးညှိနှိုင်းမှုအားကောင်းလာမည်ဆိုပါက အလုပ်ရှင်၊ အလုပ်သမား ကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ (WCC)တွင် ညှိနှိုင်းခြင်းဖြင့် ပြေလည်မှုရရှိပါက အလုပ်ရှင်၊ အလုပ်သမား အေးချမ်းသာယာသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီး နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာမှသာ ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအားတိုးတက်စေရန် အလုပ်သမားများအနေဖြင့်လည်း သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရန်လိုအပ်ပြီး အလုပ်ရှင်အနေဖြင့်လည်း မိမိ၏ အလုပ်သမား များအား အခြေခံရပိုင်ခွင့်ဖြစ်သော ဥဒေပါခံစားခွင့်များ အပြည့်အဝပေးရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမား ဥပဒေပါလိုက်နာကျင့်သုံးရမည့် အချက်များကို ကောင်းစွာသိရှိနားလည်စေရန် ယခုလို တွေ့ဆုံဆွေးနွေးရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့မှ ဦးစီးမှူးများက အလုပ်သမားဥပဒေပါ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် အလုပ်သမားများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ခံအရာရှိများက ပြန်လည်ဖြေကြားခဲ့သည်။
ဝဏ္ဏမောင်(ပြန်/ဆက်)