မေတ္တာမိုးနှင်း(ပဲခူး)
မြန်မာတို့၏ သက္ကရာဇ်နှစ်တွင် ဆယ့်နှစ်လရှိသည်။ ဆယ့်နှစ်လတွင်လည်း ရာသီအလိုက် ပွဲတော်များကျင်းပကြသည်။ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ ထိုတစ်ရက်တွင်မှ ထူးကဲသော “တန်ဆောင်မုန်းလပြည့်ည” သည် “ဆေးပေါင်းခသောည” ဖြစ်သည်။ တန်ဆောင်မုန်းလသည် ဆယ့်နှစ်လရာသီ၏ ရှစ်လမြောက်လဖြစ်ပြီး ဆောင်းရာသီ၏ အစလည်းဖြစ်သည်။ တန်ဆောင်မုန်းလ၏ ထူးခြားသောလက္ခဏာတစ်ရပ်မှာ ကောင်းကင်ကြည်လင်ခြင်းဖြစ်သည်။
တန်ဆောင်မုန်းလ၏ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ် (ဖျောက်ဆိပ်ကြယ်) ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ ညသန်းခေါင်အချိန်တွင် နက္ခတ် ၂၇ လုံး စုံညီစွာ ထွန်းလင်းသည်ဟုဆိုသည်။ ထူးခြားသည်မှာ ညသန်းခေါင်တွင် ဦးခေါင်းနှင့်တည့်တည့် ကောင်းကင်ယံ၌ လပြည့်ဝန်းကြီး မွန်းတည့်နေသည်ကို တွေ့ရပေမည်။ လပြည့်ဝန်း အနီးအနားတွင် ကြတ္တိကာနက္ခတ် (ဖျောက်ဆိပ်ကြယ်)ကို ယှဉ်တွဲလျက်ထွန်းလင်းသည်ကို တွေ့ရပေမည်။ “ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနှင့် ကြတ္တိကာ ထိန်ရောင်စွန်းတယ်၊ ထွန်းထိန်လို့မြူး”ဟူ၍ ဖိုးသူတော်ဦးမင်းက သီကုံးရေးဖွဲ့ခဲ့လေသည်။
ဆေးပေါင်းခရသည့်အကြောင်း
ရှေးအခါက တန်ဆောင်မုန်းလကို “မဟာဝိနာယက” ဟုခေါ်သော မဟာပိန္နဲနတ်ကြီးနိုးသောလဖြစ်၍ “နတ်နိုးလ” ဟုလည်း ခေါ်ကြပြန်သည်။ တန်ဆောင်မုန်းလ ရောက်ပြီဆိုသည်နှင့် “စန္ဒာလမင်း” ၏ ရန်သူများဖြစ်သော ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးတို့ ကင်းစင်၍ ကောင်းကင်တစ်ခွင်လုံးသည် ကြည်ပြာရောင်ဆေးခြယ်ထားသကဲ့သို့ မျက်စိပသာဒဖြစ်လွန်းလှသည်။ ထိုအချိန်ကာလ တွင် မဇ္စျိမဒေသမှလာသော “သာရကောမုဒိဆေးကျမ်း” တွင် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သဖြင့် ထိုနက္ခတ်စောင့်မီးနတ်ကြီးသည် မဲဇလီပင်စောင့် နတ်ထံပါးသို့ အလည်လာလေ့ရှိသည်။ ထိုနတ်မင်း ကြီးလာရောက်ချိန်တွင် သစ်ပင်အားလုံးရှိနတ်များ ကလည်း ထိုမဲဇလီပင်သို့ စုရုံးရောက်ရှိလာကြပြီး နက္ခတ်စောင့်နတ်မင်းအား ပူဇော်ပသကြသောကြောင့် မဲဇလီပင်၌ ဆေးအစွမ်းထက်သည်ဟု ယုံကြည်လျက် တန်ဆောင်မုန်းလတွင် မဲဇလီဖူးသုပ်စားကြပြီး နက္ခတ်စုံညီသော တန်ဆောင်မုန်း လပြည့်ညကို “ဆေးပေါင်းခသောည” ဟု ယုံကြည်သက်ဝင်ကြခြင်း ဖြစ်ပေသည်။ “သစ်ပင်မြင့်မြင့်၊ အရွက်ဆင့်က၊ နတ်နှင့်ချည်းပေ”ဟု မနုသာရ ဓမ္မသတ်ကျမ်းတွင် ဖော်ပြထားသောကြောင့် လည်းကောင်း၊ “တိဏလတာနိမြက်ပင်စောင့်နတ်၊ နွယ်ပင်စောင့်နတ်တို့သည် လည်းကောင်း” ဟု ဝေဿန္တရာဇာတ်တော်တွင် ဖော်ပြထားသော ကြောင့်လည်းကောင်း “သစ်ပင်စောင့်နတ်များ” ရှိသည်မှာ ဧကန်မုချပင်ဖြစ်သည်။
ဆေးပေါင်းခသောညနှင့်မြန်မာ့ဓလေ့ထုံးစံများ
မြန်မာတို့၏ ရှေးအယူအဆ၊ ဓလေ့ထုံးတမ်းများသည် လူသားတို့၏နှလုံးသားကို နူးညံ့စေ၏။ လူ့ဘဝ၏အကြောင်းအကျိုးဟူသမျှကို စွမ်းဆောင်နိုင်သည့် စိတ်တန်ခိုးကိုမြင့်မားစေ၏။ လောကီရေးရာတွင် ရှေးအယူအဆ၊ ဓလေ့ထုံးတမ်းများသည် များစွာအထောက်အကူပြုသော တန်ခိုးအာနိသင်ရှိပေသည်။ လူသားတို့၏ ရုပ်ခန္ဓာကို စိတ်မှဆောင်သည်။ ထိုစိတ်ကို ရှေးအယူအဆ၊ ဓလေ့ထုံးတမ်းများမှလည်း တန်ခိုးအာနိသင်ဖြစ်စေ၍ လူသားတို့၏စိတ်ကို ပြုပြင်ပြောင်းလဲပေးနိုင်ပေသည်။ ထို့ကြောင့်ပင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ပွဲတော်များကို အချိန်အခါနှင့်အညီ ကျင်းပကြ ခြင်းဖြစ်ပေသည်။
တန်ဆောင်မုန်းလပြည့်ညတွင် ကျေးလက်တောရွာများ၌ စကားဝိုင်းများပြုလုပ်၍ ည ၁၂ နာရီ နက္ခတ်စုံချိန်အထိ ကောင်းကင်အား စောင့်ကြည့်ကြသည်။ လမွန်းတည့်ချိန်သည်ည ၁၂ နာရီဖြစ်၍ လ၏အရိပ် ရေပြင်ပေါ်ကျရောက်ချိန်၌ “လမွန်းတည့်ရေ” ကို ဆေးရည်အဖြစ် သောက်သုံးကြသည်။ ကြည်လင်သော ရေကဲ့သို့ပင် ရောဂါဘယကင်းစင်၍ သက်ရှည်ကျန်းမာသည်ဟု ယုံကြည်ကြသည်။ တချို့သောနှစ်ကာလများတွင် တန်ဆောင် မုန်းလပြည့်နှင့် လကြတ်ချိန်တို့ တိုက်ဆိုင်ကြသည်။ ထိုသို့တိုက်ဆိုင်သည့် အချိန်ကာလမျိုးတွင် ရှေးလူကြီးများသည် မိမိအနီးအနားတွင်ရှိသော ဆေးဖက်ဝင်အပင်ငယ်များ၊ အရွက်များကို လက်ဖြင့်ဆုပ်ကိုင်၍ လကြတ်ခြင်းလွတ်မြောက်သည့် အချိန်အထိ စောင့်ဆိုင်းကြသည်။ လ၏အလင်းရောင် ပြန်လည်ထွက်ပေါ်သည်နှင့်တစ်ပြိုင်နက် ဆုပ်ကိုင်ထားသော ဆေးဖက်ဝင်အပင်များ၊ အရွက် များကို အိမ်အမိုး၊ တဲအမိုး စသည်တို့အပေါ်သို့ နောက်ပြန် ပစ်တင်ပြီး “ဆေးအောင်ပြီ”ဟု သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးကြသည်။ နောက်တစ်နေ့တွင် ထိုဆေးဖက်ဝင်အပင်များ၊ အရွက်များကို သေချာစွာထုပ်ပိုး၍ သိမ်းဆည်းထားပြီး အလိုရှိသည့်အခါ တိုင်း ထုတ်ယူသုံးစွဲကြသည်။ အထူးသဖြင့် သားဖွား မိခင်များအတွက် မွေးလွယ်ဖွားလွယ်သည်ဟု ဆိုကြသည်။
ရှေးမြန်မာတို့၏အယူအဆအတိုင်း ဂမ္ဘီရအတတ်ပညာဖြင့် ဆေးဝါးမန္တန်စီရင်၍ သတ္တဝါ အပေါင်းအား မိမိတို့အတတ်ပညာဖြင့် ကယ်တင်သော ပညာရပ်သည် ယနေ့သိပ္ပံပညာထွန်းကားသည့် အချိန်အထိတိုင်အောင် တည်ရှိလျက်ရှိပေသည်။ ထိုပညာရပ်ကို တတ်မြောက်ကျွမ်းကျင်သော ပုဂ္ဂိုလ်တို့သည် တန်ဆောင်မုန်းလပြည့်ရက် မတိုင်မီ မိမိတို့အလိုရှိရာ၊ မိမိတို့ဆေးဝါးမန္တန်အတွက် အသုံးပြုရန်အဆင်ပြေမည့် ဆေးမြစ်၊ ဆေးဥ၊ သစ်ဖု၊ သစ်ရွက်စသည်တို့ကို ကြိုတင်စုဆောင်းထားကြသည်။ ထို့နောက် တန်ဆောင်မုန်း လပြည့်နေ့ည နက္ခတ်စုံသောအချိန်၌ သိဒ္ဓိမြောက် အောင်သစ်ပင်စောင့်နတ်တို့ထံတွင် ပူဇော်ပသ၍ ဆေးစီရင်ကြသည်။ ထိုဆေးဝါးမန္တန်တို့သည် ကလေးသူငယ်နာမှစ၍ သက်ကြီးရွယ်အိုများ အတွက်ပင် အသက်ရှည်ဆေး၊ မအိုဆေးအဖြစ် ယုံကြည်စွာသုံးစွဲကြသည်။ တခြားသော ပယောဂ ဟူသမျှကိုလည်း ကင်းစင်ပသည်ဟု ယုံကြည်သက်ဝင်ကြပေသည်။ မည်သို့ပင်ဆိုစေကာမူ လူသတ္တဝါတို့၏ စိတ်တန်ခိုးအာနိသင်သည်လည်း လောကီရေးရာတွင် များစွာအကျိုးသက်ရောက်မှု ရှိသည်ကို တွေ့မြင်ကြရပေသည်။
တချို့သောလူပုဂ္ဂိုလ်တို့သည် သီတင်းကျွတ် လပြည့်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ မိမိတို့ယုံကြည်ရာ ဂါထာမန္တန်များကို ရွတ်ဖတ်ပွားများပြီး အဓိဋ္ဌာန်ပြုကြသည်။ မိမိတို့၏အဓိဋ္ဌာန် အောင်မြင်ခြင်းကို တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီ နက္ခတ်စုံချိန်အထိ စောင့်ဆိုင်း၍ သက်သေပြုကြသည်။ တန်ဆောင်မုန်းလပြည့်နေ့သည် “သာမညဖလအခါတော်နေ့” ဖြစ်သည်။ ရဟန်း၊ သံဃာတော်တို့အား အကျင့်သီလနှင့်ပြည့်စုံခြင်း ရှိ၊ မရှိကို သာမညဖလသုတ်တော်နှင့်ချိန်ညှိခြင်း ဖြစ်သည်။ ထိုအကြောင်းကိုအခြေခံ၍ လူပုဂ္ဂိုလ် အချို့တို့သည် ယောဂီသူတော်စင်အဖြစ်ဖြင့် အဓိဋ္ဌာန်ပြု၍ မိမိတို့စောင့်ထိန်းသောသီလကို သုံးသပ်ကြခြင်းပင်ဖြစ်သည်။
ယခုအခါ တန်ဆောင်မုန်းလပြည့်ညတွင် ကျေးလက်ဒေသနှင့် မြို့ပြပါမကျန် မဲဇလီဖူးသုပ် ပွဲတော်ကို ကျင်းပကြသည်။ ဆေးပင်အပေါင်းကို စောင့်သောနတ်မင်းတို့သည် မဲဇလီပင်စောင့် နတ်မင်းထံသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် လာရောက်ခစားသောကြောင့် မဲဇလီပင်သည် ဆေးစွမ်းထက်သည်၊ ဆေးပေါင်းခသည်ဟုဆိုကြ သည်။ ထို့အပြင် မဲဇလီအရွက်၊ အဖူးတို့သည် အခါးဓာတ်ဆောင်၏။ လေကိုနိုင်၍ ဝမ်းကိုသက်စေ၏။ အပူအပုပ်ကင်းစင်၍ ခံတွင်းရှင်းခြင်း၊ ဝမ်းမီး ကောင်းခြင်းကို ဖြစ်စေသည်။ “တန်လျှင်ဆေး” ဆိုသည့်အတိုင်း သင့်တော်သမျှစားသုံးလျှင် ကျန်းမာခြင်းသုခကိုရစေသည်။ အမည်မသိ ရှေးစာဆို၏ ရှေးလင်္ကာတစ်ပုဒ်တွင် “တန်ဆောင် မာသကြတ္တိက၊ ရွှန်းပရောင်လျှံမြူး၊ မီးနတ်ဒဟ ဆင်းသက်ကြွ၊ ပေါင်းခမဲဇလီဖူး၊ နက္ခတ်သဘင် ဆေးစီရင်၊ လူတွင်ထက်ခေါင်ကျူး၊ စီးပွားတက်ကာ မင်္ဂလာ၊ ချိန်ခါသိဒ္ဓိထူး”ဟူ၍ ဖော်ပြထားသည်ကို လေ့လာမှတ်သားရပေသည်။
ပံ့သကူအလှူ
တန်ဆောင်မုန်းလပြည့်ညတွင် မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်၍ တန်ဆောင်တိုင်မီးထွန်း ပွဲတော် ကျင်းပကြသည်။ မဲဇလီဖူးသုပ်စားသည့် ပွဲတော်၊ ဆေးပေါင်းခသည့် ဆေးပွဲတော်များ လည်း ကျင်းပကြသည်။ တချို့သောသူများသည် အလှူဒါနတစ်ရပ်ကို နက္ခတ်စုံချိန်အထိ စောင့်ဆိုင်း၍ ပြုလုပ်ကြသည်။ မိမိတို့လှူဒါန်းလိုသောပစ္စည်းများကို မည်သူမဆို ထိုက်တန်သူရပါစေ၊ ရောဂါဘယကင်းပါစေ၊ အစစအရာရာပြီးပြည့်စုံပါစေ၊ လှူဒါန်းသူလည်းရရှိပါစေဟု တောင်းဆုပြု၍ အဝတ်အထည်၊ စားသောက်ကုန်၊ ဆေးဝါးအစ ရှိသည်တို့ကို “ပံ့သကူ”အဖြစ် လူသွားလမ်းမပေါ် ပစ်ချ၍ အလှူဒါနပြုကြသည်။ “စာဂ” စွန့်ကြဲ ပေးကမ်းခြင်းဟူသော အလှူဒါနဖြစ်၍ ကုသိုလ် လည်းရသကဲ့သို့ နှလုံးစိတ်ဝမ်းပျော်ရွှင်ချမ်းမြေ့ရသော မြန်မာတို့၏ အလှူတစ်မျိုးပင်ဖြစ်ပေသည်။ တန်ဆောင်မုန်းလပြည့်ညသည် နေဝင်ချိန်မှစ၍ သန်းခေါင်ယံအချိန်အထိ ဓလေ့ရိုးရာအစဉ်အလာများ၊ ပျော်ရွှင်ဖွယ်ရာ အလှူဒါနများ၊ တရား ဘာဝနာကုသိုလ်ကောင်းမှုများဖြင့် အရာရာတိုင်းသည် “ကောင်းခြင်းမင်္ဂလာ”ဖြင့် ပြည့်စုံသော ညတစ်ညပင်ဖြစ်ပေသည်။ “ဆေးပေါင်းခသောည” မှသည် အရာရာတိုင်းဆေးဖက်ဝင်၍ သိဒ္ဓိထူးပြီး မြန်မာပြည်ကြီးအေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းဖြင့် ရိုးရာဓလေ့များ ထိန်းသိမ်းနိုင်ကြ ပါစေရန် ရည်ရွယ်ရေးသားလိုက်ရပါသည်။ ။
ကိုးကား - ဆရာကြီးဒဂုန်နတ်ရှင် “ စာပေဝတ်ဆံ”