နေပြည်တော် အောက်တိုဘာ ၃၀

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက် ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် နေကြာမျိုးများ ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ဆီးထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မ အခြေအနေများကို ရှင်းလင်းပြောကြားပြီး ခဲတောက်ကျေးရွာ၊ ကျုံပိုက်ကျေးရွာ၊ ပေါ့ထော်ကျေးရွာနှင့် မင်းဇီတောင်သူကျေးရွာ (၄) ရွာအတွက် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် (ဆီထွက်သီးနှံ) ထောက်ပံ့ငွေကျပ်သိန်း (၃၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း (၁၂၀၀) ကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဒုတိယဦးစီးမှူးက စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သည့် ရေဆင်းစပ်မျိုး နေကြာ-၁ မျိုးအိတ်များကို လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကရင်ပြည်နယ်ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ဆန်စက်ဆီစက် လုပ်ငန်းရှင် သမဝါယမ အသင်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ဘားအံမြို့နယ်အတွင်း ဆန်စက်၊ ဆီစက်များတည်ဆောက်ရေးကိစ္စ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ဘားအံစက်မှုဇုန်ရှိ သမဝါယမအသင်းပိုင် ဆန်စက်တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွား EM Super Bokashi သဘာဝအားဖြည့် မြေဩဇာစက်ရုံနှင့် ဩဇာမင်း သဘာဝဇီဝမြေဩဇာ စက်ရုံတို့ကိုလည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့် အရှည်ပေ (၃၃၀၀) ရှိ မွန်ဆရီးကျေးရွာ အဝင်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် မော်လမြိုင်မြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်