ဘားအံ အောက်တိုဘာ ၃၀
ကရင်ပြည်နယ်တွင် စိုက်ပျိုးထားသော မိုးစပါး စံကွက်ပေါင်း ၃၂၄၀ ကွက်ကို ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြု အလွှာလိုက် ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက် နည်းလမ်းအလိုက် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းက မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ဘားအံမြို့နယ် ကော့လှိုက် ကျေးရွာအုပ်စု၌ ကျင်းပခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ကြည့်ရှု အားပေးကာ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မာရေး၊ ဈေးကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများ ဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် ကိုယ်စားပြုအလွှာ (သင့်) ကို ကိုယ်စားပြုသည့် ဆင်းသုခ မိုးစပါးစိုက်ခင်း စံကွက်သုံးကွက်ကို တောင်သူများနှင့်အတူ အမှတ် (၂၀) ဘားအံ စက်မှု လယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ခြောက်သွေ့ပြီး တစ်ဧကအထွက်နှုန်း ၆၅ ဒဿမ ၆၈ တင်း ရှိကြောင်း သိရသည်။
သတင်းစဉ်