ပဲခူး အောက်တိုဘာ ၃၀

 

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၄၁ ဒသမ ၅၀၅) သန်း တိုးတက်ဝင်ရောက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၃၂ ဒသမ ၉၂၆) သန်းနှင့် ပြည်တွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းငွေကျပ် (၆၄၉၀၈ ဒသမ ၂၁၅) သန်း ရှိကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် လူ့စွမ်းအား အရင်းအမြစ် ပေါကြွယ်မှုရှိခြင်း၊ အလုပ်ရှင် အလုပ်သမား ပြဿနာ ကင်းရှင်းခြင်း၊ မြေနေရာကျယ်ဝန်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးချဲ့နိုင်ရေး အားပေးနေခြင်းနှင့် အေးချမ်းတည်ငြိမ်ခြင်း စသည့်အခွင့်အလမ်းကောင်းများကို ရရှိနိုင်ကြောင်း ပြောကြားသည်။

 

အောက်တိုဘာ ၂၈ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံလိုသူများအတွက် ထိုသို့ သတင်းစကား ပါးခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်မှုဇုန်များအတွင်း မြေလပ်မရှိ စက်ရုံများ တည်ဆောက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အခွန်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကို များစွာ အထောက်အကူဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန်နှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရန် သတ်မှတ်ကာလအတွင်း စက်ပစ္စည်းများကို သွင်းကုန်အခွန် ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်း စက်ရုံ (၂) ရုံနှင့် ကုန် ပစ္စည်းထပ်မံ မှာယူခြင်းစက်ရုံ (၁) ရုံ၊ တည်ဆောက်ရေးကာလ သက်တမ်းတိုး စက်ရုံ (၁) ရုံနှင့် စက်ရုံအဆောက်အဦ တိုးချဲ့ခြင်း စက်ရုံ (၁) ရုံတို့၏ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လူဦးရေ (၇၅၁၈) ဦးကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်