နေပြည်တော်၊ အောက်တိုဘာ ၃၀

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အောက်တိုဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော လျှပ်စစ်ထမင်းပေါင်းအိုး အလုံး ၁၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၃၅,၀၀၀) နှင့် Door Lock (၆၅) ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၄၇,၅၀၀) ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၀၈၂,၅၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က သင်္ဃန်းညီနောင်ကျေးရွာ၊ ချစ်ကြည်ရေး ဆီဆိုင်အနီးတွင် ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ လီတာ (၉၆၀) အပါအဝင် ကုန်စည်လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၄၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၀၄၈,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့ (တောင်ကြီးအထွက်)၊ နမ့်အောရွာအနီးတွင် ပိုင်ရှင်မဲ့စုပုံထားသော ပဒုမ္မာတံဆိပ် ဆပ်ပြာမှုန့် (၃၈၂) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၈၄,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် အောက်တိုဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းတော်မြို့၌ တရားမဝင် လိုင်စင်မဲ့ TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၂ ဒသမ ၉၉၀၂) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၆၂၇,၄၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁,၈၄၁,၉၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်