နေပြည်တော်၊ အောက်တိုဘာ ၃၀
နိုင်ငံတော်တွင် ပေါကြွယ်ဝလျက်ရှိပြီး သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သည့် ရေအားရင်းမြစ်များမှ နိုင်ငံတော်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများ လျာထားချက်အတိုင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ၏ အင်ဂျင်နီယာ စွမ်းရည်များကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း၌ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၃) တည်ဆောက်ရေး၊ ညွှန်ကြားရေးမှူးရုံးရှိ လုပ်ငန်းများ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးစဉ် ညွှန်ကြားရေးမှူး ဦးနေလင်းက အမှတ် (၃) တည်ဆောက်ရေးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာ မြစ်ငယ်မြစ်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်တပ်ဆင်စွမ်းအား ၂၈၀ မဂ္ဂါဝပ်၊ နှစ်စဉ်ပျမ်းမျှ ၁၄၀၉ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်ပေးနိုင်မည်ဖြစ်သည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း ဆိုင်ရာ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်းအခြေအနေများ၊ နှစ်အလိုက် ဆောင်ရွက်မည့် အစီအစဉ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေရရှိ၊ သုံးစွဲမှု ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းပြီးစီးမှု၊ စီမံကိန်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၂ ရွာမှ စုစုပေါင်း အိမ်ခြေ ၉၅၅၊ အိမ်ထောင်စု ၁၁၄၉၊ လူဦးရေ ၄၀၃၃ ဦးထံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးထားမှုကို ရှင်းလင်းတင်ပြပြီး ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် လက်ရှိအချိန်အထိ ပြီးစီးမှု ၅၂ ဒသမ ၅၇ ရာခိုင်နှုန်းရှိပြီဖြစ်၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန်၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး အသိ၊ သတိရှိစွာ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ စည်းကမ်းချက်များကို လိုက်နာကြရန်၊ ရုံး တွင်း/ ပြင်နှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်