နေပြည်တော်၊ အောက်တိုဘာ ၃၁

 

သာစည်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် နံနက် ၅ နာရီခွဲတွင် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ ကလော-သာစည်သွား ကားလမ်း၊ မိုင်တိုင်အမှတ် (၃၄/၁) အနီးတွင် အောင်စိုးမောင်းနှင်ပြီး ကျော်သူအောင် (ခ) ကျော်ကြီး လိုက်ပါလာသည့် ဆိုင်ကယ်နှင့် စိုးဝင်းလှိုင် (ခ) စိုးဝင်း (ခ) ရှိုင်းဇော် မောင်းနှင်လာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စိုးဝင်းလှိုင် (ခ) စိုးဝင်း (ခ) ရှိုင်းဇော်မှာ ဆိုင်ကယ်အားရပ်တန့်၍ ထွက်ပြေးသွားသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်မှ ဘိန်းဖြူ ၁ ဒသမ ၉၈ ကီလိုကိုလည်းကောင်း၊ ကျော်သူအောင် (ခ) ကျော်ကြီး၏ ဆိုင်ကယ်ပေါ်မှ ဘိန်းဖြူ ၁ ဒသမ ၉၈ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သာစည်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကျော်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၀၀ ကိုလည်းကောင်း၊ အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာရှိ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စည်သူလင်း မောင်းနှင်ပြီး အောင်ဝင်း လိုက်ပါလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၄ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်