နေပြည်တော် အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ” ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တမူးမြို့ ဈေးတန်း(၁၀)ရပ်ကွက် နှင့် (၁၁) ရပ်ကွက်များသို့ PDF အကြမ်းဖက်သမားများက အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်ရန် ဝင်ရောက်လာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာလာခဲ့ရာ ဈေးတန်း(၁၀)ရပ်ကွက် “အောင်တော်မူ”ဘုန်းတော် ကြီးကျောင်းအနီးအရောက်၌ PDF အကြမ်းဖက် အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်အမဲ့ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျထိန်းသိမ်း၍ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့မှာ “အောင်တော်မူ” ဘုန်းတော်ကြီး ကျောင်းအနောက်ဘက်လမ်းမှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်အဖွဲ့က ဆုတ်ခွာရာလမ်းကြောင်းရှိ ပတ်ဝန်းကျင်လူနေ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ” ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဥူးသုဒဿန သက်တော် (၄၂)နှစ်၊ ဝါတော် (၂၂)ဝါ တွင် ဝဲလက်မောင်းနှင့် ဝဲတံတောင်ဆစ်တို့တွင်လည်းကောင်း၊ ဈေးတန်း(၁၁)ရပ်ကွက်နေ ကိုအောင်သီဟ (၂၈)နှစ် (ဘ)ဦးအောင်စိုးတွင် ဝမ်းဗိုက်တွင် လည်းကောင်း ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး တမူးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ ပြည်သူတစ်ဦးတို့အား ထိခိုက်ဒဏ်ရာရရှိအောင် လူနေရပ်ကွက်များအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်