အောင်မြင့်စိုး (ရေစကြို)

 

ကောင်းကင်ပြင်၌ မိုးသားတိမ်လွှာများအထူး ကင်းစင်လျက်ရှိပြီး ကြယ်တာရာနက္ခတ် အပေါင်းစုံသည့် အခါသမယ တန်ဆောင်မုန်းလသည် အလှူ အတန်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲစည်ကားလျက် စိတ်နှလုံးကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော ထူးမြတ်သည့် လတစ်လဖြစ်သည်။ မြန်မာတစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမလဖြစ်ပြီး ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟုရေးထိုး၍ ရွတ်ဆိုခေါ်ဝေါ်ရာ၌ “တန်ဆောင်မှုန်း”ဟု ခေါ်ဝေါ်ကြသည်။ ယင်းမှ တန်ဆောင်မုန်းဟု ရွေ့လျားလာခြင်းဖြစ်ပေသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိသည်။ တန်ဆောင်မုန်းလမပြည့်မီ အဖိတ်နေ့၊ လပြည့်နေ့နှင့်လပြည့်ကျော် တစ်ရက်နေ့ ထိုသုံးရက်ကို “တန်ဆောင်တိုင်ပွဲနေ့” ဟု သတ်မှတ်ကာ တန်ဆောင်တိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်သောလဖြစ်ခြင်းကြောင့် မီးနတ်ပူဇော်ပွဲကျင်းပကြသည်။ မဟာဝိနာယက နတ်မင်းကြီးသည် ထိုလတွင်နိုးသဖြင့် နတ်မင်းကြီး အား ပူဇော်သည့်ပွဲကို ဗုဒ္ဓဘာသာမထွန်းကား မီကပင် တန်ဆောင်မုန်းလပြည့်နေ့တိုင်း မီးနက္ခတ် ပူဇော်ပွဲနှင့် နတ်မင်းကြီးပူဇော်ပွဲကျင်းပခဲ့ရာမှ အစပြု၍ ယခုတိုင် တန်ဆောင်တိုင်ပွဲဟုသမုတ်ကာ မီးထွန်းပွဲများ အနယ်နယ်အရပ်ရပ်တွင် ကျင်းပကြသည်။ တန်ဆောင်တိုင်ပွဲကို ယခုမှသာမဟုတ် ဗုဒ္ဓဘာသာ မြန်မာရှေးမင်းအဆက်ဆက် ထီးစဉ် နန်းဆက် မပျက်ပွဲတော်အခါတွင် “မဟာအသဒိသ အတုလသဘင်”ပွဲကြီးဆင်ယင်၍ လှူဒါန်းကြသည်။

 

သာမညဖလ အခါတော်နေ့

 

ထူးခြားသည်မှာ မင်းအဇာတသတ်သည် ကျေးဇူးရှင်ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်မိခဲ့ရာမှ အိပ်မပျော်သည့်ရောဂါ စွဲကပ်ခဲ့ပြီး ဆရာဇီဝက၏အစီအမံဖြင့် ဘုရားရှင်ထံရောက်ရှိခဲ့ကာ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည့် “သာမည ဖလသုတ္တန်” ဒေသနာတော်ကို နာကြားရပြီး မင်းအဇာတသတ်၏စိတ်ကို တည်ငြိမ်ကြည်လင် စေခဲ့သည်။ ဖခမည်းတော်အား ပြစ်မှားခဲ့သော “ပိတုယာတကကံကြောင့် တစ်မဂ်၊ တစ်ဖိုလ် မရခဲ့ ဘဲ သရဏဂုံတည်သည့်ဥပသကာသာ ဖြစ်တော်မူသည်။ မင်းအဇာတသတ်အား သာမညဖလသုတ္တန် ဟောကြားတော်မူသည့် တန်ဆောင်မုန်းလပြည့်ညကို အကြောင်းပြု၍ တန်ဆောင်မုန်း လပြည့်နေ့ကို “သာမညဖလ အခါတော်နေ့’’ ဟု သတ်မှတ်ခဲ့သည်။

mdn

 

တန်ဆောင်မုန်းလပြည့်တွင် ကြတ္တိကာ နက္ခတ်နှင့်ကျီးတာရာတို့သည် လနှင့်ယှဉ်ကာ ထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟုခေါ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ တန်ဆောင်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟုအဓိပ္ပာယ်ရပြီး မှုန်း၏အနက် ဖွင့်ဆိုချက်များမှ “တောက်ပစေသည်”ဟူသော အနက်ကိုယူ၍ ဆီမီးတောက်ပစေသောလ၊ ဆီမီး ထွန်းညှိသောလဟု ကောက်ယူနိုင်ပေသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် မသိုးသင်္ကန်းရက်ပွဲ ကျင်းပလေ့ရှိသည်။ ဘုရားရှင်၏ မယ်တော်မိနတ် သားသည် သားတော်ဘုရားအလောင်း တောထွက် ရဟန်းဝတ်တော့မည်ကိုသိ၍ သင်္ကန်းကပ်လိုသော ကြောင့် ညဉ့်ချင်းပြီး သင်္ကန်းရက်ချုပ်သော အထိမ်း အမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း မသိုးသင်္ကန်းရက်ပွဲ ကျင်းပကာ မြတ်စွာဘုရားအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့အပြင် ကြယ်တာရာ နက္ခတ်အပေါင်းစုံသော အခါသမယ တန်ဆောင်မုန်းလတွင် တာဝတိံသာရှိ စူဠာမဏိ ဘုရားအား ပူဇော်ဟန်မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။

သို့ကြောင့်ပင်

 

လမြတ်ချိန်ခါ၊

ရာသီရွှေ့ပြောင်း၊ မိုးနှောင်းလက်ကျန်

မြောက်ပြန်လေမြူး၊ ဟေမန်ဦးဝယ်

ဆုထူးပန်သည်၊ မဂ်ဖိုလ်ရည်လို့

ဆီမီးပူဇော်၊ ဖူးကော်ရော်လျက်

ချိန်မကျော်သင်္ကန်း၊ ရက်လှူဒါန်းလေ့

စိတ်ချမ်းမြေ့ကုန်၊ လှူဖွယ်စုံပ

ဘုံကထိန်ပွဲ၊ ခြိမ့်ခြိမ့်သဲပင်

ဆင်နွှဲပျော်ဟန်၊ ဒိုးပတ်သံနှင့်

နိဗ္ဗာန်ရည်မှန်း၊ ပြုလှူဒါန်းသည်

ရွှင်လန်းကြည်နူး လမြတ်ထူး။

မီးပုံးပျံပွဲ

ဆင်နွှဲခြိမ့်အုန်း၊ ရှုမဆုံးတည့်

ရုပ်လုံးကြွကြွ၊ မှိုင်းဝဝလျှင်

မြူးကြွသည့်ဟန်၊ သူ့အားမာန်နှင့်

ထက်ယံတစ်လွှား၊ တိမ်ညွန့်စားသို့

ကြွားကြွားဝင့်ဝင့်၊ ဝဲပျံလွင့်၍

နှင်းပွင့်တွဲခို၊ ဟန်မူပိုစွ

ရှုလိုချင်စမ်း၊ မီးရှူးပန်းတို့

ထက်တန်းတစ်လျှောက်၊ ဖွားဖွားပေါက်ဘိ

ထက်အောက်ဘယ်ညာ၊ ရောင်စုံဖြာလျက်

အာကာတစ်ခွင်၊ လင်းလက်ထင်သည်

နှစ်စဉ်ကျင်းပ ပူဇော်မြဲ၊

မီးထွန်းပွဲအလှ ခြိမ့်ခြိမ့်သဲ၊

တန်ဆောင်မုန်းလ ရာသီပွဲ ။ ။

ဟု ရေးဖွဲစပ်ဆိုအပ်ပေသည်။

 

တန်ဆောင်တိုင်မီးထွန်းပွဲ

 

ထူးခြားသည်မှာ ကထိန်လျာလှူဒါန်းပွဲ ဖြစ်သည်။ မိမိလှူဒါန်းလိုသည့်အချိန် လှူဒါန်းနိုင်သော အလှူပွဲမျိုးမဟုတ်ဘဲ သီတင်းကျွတ်လပြည့် ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း လှူဒါန်းရသောပွဲသည် ကထိန်လျာ လှူဒါန်းပွဲဖြစ်သည်။ တစ်နှစ်တွင်တစ်လ၊ တစ်လ တွင်တစ်ရက်၊ တစ်ရက်တွင်တစ်ကြိမ်၊ တစ်ကြိမ် တွင်တစ်ကျောင်း လှူဒါန်းလေ့ရှိသော အလှူမျိုးဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်များတွင် တန်ဆောင်မုန်းလ ကထိန်လျာ ညှပ်သင်္ကန်းကပ်လှူပွဲမှာ ထင်ရှားလှပေသည်။ ကထိန်လျာလှူဒါန်းပွဲများ အပြင်၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဤလ ဤအခါတွင်မှ ဆေးပေါင်းခသည်ဟု ယူဆကြသော မဲဇလီအဖူးများကိုသုပ်၍ မဲဇလီဖူးသုပ်ဝေငှသောပွဲ၊ ပံ့သကူပစ်ပွဲ၊ ကျီးမနိုးပွဲ၊ ရှင်မာလဲပွဲစသည့် ထူးခြားသော ဝိသေသများနှင့်ပြည့်စုံသည့် လတစ်လလည်း ဖြစ်သည်။ တန်ဆောင်မုန်းလကို နတ်နိုးသောလဟု လည်း ခေါ်ကြသည်။ ဗိဿနိုးနတ်မင်းကြီးသည် နှစ်စဉ် ဝါဆိုလဆန်း ၁၂ ရက်နေ့မှစ၍ အိပ်လေရာတန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင်မှ နိုးသောကြောင့် နတ်နိုးလဟုခေါ်ကြခြင်းဖြစ်သည်။

 

တန်ဆောင်တိုင်ပွဲနေ့သည် ကဆုန်လပြည့်နေ့မျိုးကဲ့သို့ သာသနာရေးဆိုင်ရာပွဲနေ့မဟုတ်သော်လည်း ရာသီဥတုသာယာ၍ ကြယ်တာရာနက္ခတ်စုံ သော အခါသမယဖြစ်ပြီး အိုးစည်ဒိုးပတ်သံ ညံမစဲ ကထိန်အလှူပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများ ကျင်းပကြလျက် တိမ်တိုက်တိမ်လွှာ အထူးကင်းစင်ကာ ဝန်းကျင်တစ်ခွင် ကြည်လင်ရှုမဆုံး စိတ်နှလုံးကြည်နူး ချမ်းမြေ့ဖွယ်ကောင်းသော ထူးမြတ်သည့်လ တစ်လပင်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

 

ကျမ်းကိုး - စွယ်စုံကျမ်း