တင်ညိုငြိမ်း

 

ထန်းရည်ကြိုက်သောသူသည် အချိန်တန်လျှင် ထန်းပင်ကိုမော့ကြည့်ကြသည်။ ယမကာသမားကလည်း နေညိုလျှင်လေပြိုကြသည်။ ထို့အတူ ဆေးလိပ်ကြိုက်နှစ်သက်သူအတွက်ကတော့ ထမင်းစားပြီးလည်း တစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တိုဆိုသည့် ခေတ်ပေါ်သီချင်းကဲ့သို့ ဆေးလိပ်က အချိန်တိုင်း အမြဲတမ်းလိုနေတတ်သည်။ အိမ်ရာမှ နိုးလျှင်နိုးချင်း မျက်နှာသစ်၊ သွားတိုက်ဖို့မစဉ်းစားဘဲ ဆေးလိပ် ဖွာရှိုက်လိုက်ရမှ နေသာသည့်ကျွန်တော်၊ အစည်းအဝေးအရှည်ကြီး များနှင့်ကြုံရလျှင် အပြင်ထွက်ပြီး စီးကရက် တစ်လိပ်လောက်သောက်လိုက်ရမှ ကျေနပ်မိသော ကျွန်တော်၊ ညနေဆိုလျှင် ဗျစ်ရည်ခေါ် ယမကာလေးကိုလည်း အဖော်ပြုတတ်သော ကျွန်တော်၊ ခုတော့ ထိုဒုက္ခ၊ ဤဒုက္ခများမှ ကင်းလွတ်ငြိမ်းခဲ့သည်မှာ နှစ်နှစ်တင်းတင်းပင် ပြည့်ခဲ့ပြီဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကျွန်တော့်အား ကိုဗစ်လူဆိုးကြီး ဝင်ရောက်ပူးကပ်၍ အလဲထိုး ရန်ကြိုးစားသည်။ သတိကြီးစွာထား၍ အသည်းအသန် ဖယ်ရှားရှင်းလင်းကုသပြီးချိန်တွင် ပထမဆုံး တမ်းတမိသည်က ဆေးလိပ်ဖြစ်၏။ အစားအစာလေးကလည်း အတော်အသင့်စားနိုင်နေပြီကိုး။ သို့သော် အသည်းအသန် မေ့မြောမတတ်ခံစား ခဲ့ရသည့်ရက်များတွင် ဆေးလိပ်နှင့် ယမကာသည် ကျွန်တော်နှင့် ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့သဖြင့် ကောင်းစွာကျန်းမာလာသည့်အချိန်တွင် မည်သူ၏ တိုက်တွန်းမှုမျှမပါရှိဘဲ ကျွန်တော့်ဘက်က ခပ်ကင်းကင်းဖြင့် ဆေးလိပ်၊ ယမကာသောက် သုံးခြင်းမပြုတော့ရန် ကျွန်တော် ယတိပြတ် ဆုံးဖြတ် လိုက်မိသည်။ အဓိက ပင်မရန်သူဖြစ်သော ဆေးလိပ် တောင်ကုန်းကို တက်ရောက်ချေမှုန်းခဲ့ရာ ဘေးမှ အဆွယ်အပွားဖြစ်သော ယမကာတောင်ကုန်းကိုပါ တိုးချဲ့သိမ်းပိုက်ချေမှုန်းနိုင်ခဲ့သဖြင့် အာဂကျွန်တော် လူစွမ်းကောင်းပါလားဟု လက်မထောင်မိ၏။

 

စိတ်သည် အဓိက

 

ဆေးလိပ်၊ ယမကာ မဖြတ်လိုသူ၊ မဖြတ်ချင်သူများ၏ ပျော့ညံ့သော ဆင်ခြေစကားအတိုင်း ဖြတ်တော့ဖြတ်တာပဲ အချိန်တန်တော့မနေနိုင်ပါဘူး၊ ကြိုးစားတာပဲမရဘူးဟု မည်သို့ပင်ဆိုစေကာမူ စိတ်သည် အဓိကဖြစ်၏။ ဖြတ်ချင်သည့်စိတ်၊ ဖြတ် ချင်သည့်အသိလေးတစ်ခုသာ ထားရှိရန်လိုပါသည်။

 

နှစ်ရှည်ယမကာမှီဝဲလာသူများ၊ ရုတ်ခြည်းယတိပြတ်ဖြတ်လိုက်လျှင် အချို့မှာ ခြေတုန်၊ လက်တုန် ကယောင်ကတမ်း ဖြစ်ကြသူများ ရှိကောင်းရှိနိုင်သော်လည်း ဆေးလိပ်သောက်သူများ ရုတ်ခြည်း ယတိပြတ်ဖြတ်လိုက်ရုံဖြင့် ခြေတုန်၊ လက်တုန် ကယောင်ကတမ်းဖြစ်သူမရှိပါ၊ ကြားလည်းမကြားဖူးပါ၊ နှစ်ပေါင်း ၄၀ ခန့် ဆေးလိပ်နှင့် ယမကာမှီဝဲခဲ့သူ ကျွန်တော်နှစ်မျိုးလုံးကို ယတိပြတ်ဖြတ်လိုက်သည်။ ခြေတုန်၊ လက်တုန် မည်သို့မျှ မခံစားရချေ။

 

မကောင်းမှုကို မကောင်းမှန်သိသည့်နှင့် ဆင်ခြင်ထိန်းချုပ် ဖြတ်တောက်လိုက်ခြင်းသည် မည်သူ့အတွက်မဆို နောက်ကျသည်ဟု မရှိပါ။ ဆေးလိပ်၊ ဆေးရွက်ကြီး(ကွမ်း) သုံးစွဲမှုကြောင့် နှလုံးသွေးကြောဆိုင်ရာ (ကင်ဆာ) ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူရှစ်သန်းခန့် သေဆုံးနေရသည်။ ဆေးရွက်ကြီး ထုတ်လုပ် စိုက်ပျိုးရန်အတွက် နှစ်စဉ်မြေဟက်တာပေါင်း နှစ်သိန်းခန့် ခုတ်ထွင်ရှင်းလင်းခံနေရသည်။ ဤမြေများကို အခြားစားသုံးသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ပါက မည်မျှကောင်းလေမည်နည်း။ သေဆုံးရသည့်လူဦးရေ ရှစ်သန်းတွင် ဆေးလိပ်မသောက်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူ တစ်သန်းခန့် ပါဝင်ကြောင်းသိရ၏။ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်၊ ဆေးရွက်ကြီး (ကွမ်း) သုံးစွဲမှုကြောင့် နှလုံး၊ အဆုတ်၊ သွေးကြောပိတ် စသည့်ကင်ဆာရောဂါများဖြစ်ပွားပြီး နှစ်စဉ် လူပေါင်း ခြောက်သောင်းခန့် သေဆုံးနေရကြောင်း ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များတွင် ဖတ်ရှုရ သည်။ မည်မျှ ဆိုးလိုက်ပါသနည်း။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှဒေသတွင် ဆေးလိပ်သောက်သူ ၂၄၆ သန်းခန့်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း(ကွမ်း)စားသုံးမှု သန်း၂၉၀ ရှိကြောင်း ဖော်ပြထားသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို ထိရောက်စွာမထိန်း ချုပ်နိုင်လျှင် ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူ ၈ ဒသမ ၃ သန်းခန့်အထိ ရှိနိုင်ကြောင်း အသိပေးထား ရာ ထို ၈ ဒသမ ၃ သန်းထဲတွင် မိမိမပါဝင်သွားရန် အသက်ကို ဉာဏ်စောင့်ဆိုသည့်အတိုင်း အသိဉာဏ် ဖြင့် မိမိအသက်ကိုစောင့်ရှောက်ရန်မှာ ငွေကြေး လည်းမကုန် မည်သည့်စိုက်ထုတ်မှုမျှ မလိုအပ်ဘဲ ဆေးလိပ်နှင့် ဆေးရွက်ကြီး (ကွမ်း) စားသုံးမှု ရှောင်ရှားရုံမှတစ်ပါး အခြားမရှိပါ။

 

အသိတရားဖြင့် ဖြတ်တောက်

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ များဖြစ်ပွားပြီး ဘက်ပေါင်းစုံမှ ဆိုးကျိုးပေးသည်ကို အချို့က သိနားလည်ကြသော်လည်း ဖြတ်တောက် ရှောင်ကြဉ်ရန် မကြိုးစားကြ၊ ဖြစ်မှသာဖြစ်ရော့ဟု သဘောထားကြသည့်အတိုင်း မမျှော်လင့် မထင်မှတ်ထားသောအရာများ တကယ်ဖြစ်သွားကြသည်။ လူ့အသက်ကို ဤမျှဆိုးကျိုးပေးသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး (ကွမ်း)ကို အသိတရားဖြင့် ဖြတ်တောက်လိုက်ကြသည့်အခါ အသက်ရှည်ရာအနာမဲ့ကြောင်း ကျန်းမာသွားကြသည်။ နှလုံးရောဂါသည် များပင်လျှင် ဆေးလိပ်ဖြတ်တောက်လိုက်ပါက အနည်းဆုံး လူ့ဘဝသက်တမ်းငါးနှစ်ခန့်ပို၍ ရှင်သန်နေနိုင်ကြောင်း ဆေးပညာရှင်များက ထောက်ပြထား၏။

 

ကျွန်တော်နှင့်တစ်ချိန်က တစ်ဌာနတည်း အတူနေခဲ့သူတစ်ဦးသည် စီးကရက်ထက် ဆေးပေါ့လိပ်ကို လွန်စွာကြိုက်နှစ်သက်၍ သောက် ၏။ ဘယ်ချိန်ကြည့်ကြည့် ဆေးပေါ့လိပ်ကို လက်ကြားညှပ်ထားသည်ကို တွေ့ရသည်။ လွန်ခဲ့ သော ၁၅ နှစ်ခန့်က မိတ္ထီလာချည်မျှင်စက်တွင် ပြန်တွေ့ရသည့်အခါ ညာဘက်ပေါင်လယ်မှ ဖြတ်တောက်ထားသည်ကို တွေ့လိုက်ရ၏။ ဆေးပေါ့လိပ်သည် နီကိုတင်းဓာတ်နည်းသည်ဟု ထင်ရသော်လည်း ဆေးရွက်ကြီးနှင့်ရောစပ်ထားသည့် ဒေသအခေါ် ဆေးရိုးပင် (အုန်းနှဲ)၊ ဆေးရိုးပင် (ခတ်အုံး) စသည့် သစ်သားစများနှင့် အခြားရောနှော ပစ္စည်းများမှာ မီးရှို့သည့်အခါ ကတ္တရာဖြစ်သွား၏။ သွေးထဲသို့ရောက်သွားသည့်အခါ သွေးလည်ပတ်မှု မရှိတော့ဘဲ သွေးကြောပိတ်၊ သွေးကြောခဲသွားခြင်း ဖြစ်တတ်ကြောင်း အသိဆရာဝန်တစ်ဦးက မှတ်ချက်ပြုဖူး၏။ ဆေးလိပ်သောက်သုံးသူများတွင် အချို့မှာ သွေးကြောနာဖြစ်ရာမှ သွေးခဲငယ်လေးများဖြစ်သွား၏။ ယင်းသွေးခဲငယ်လေးများသည် ဦးနှောက် သွေးကြောများကို ပိတ်ဆို့စေပြီး အချို့မှာ ဦးနှောက်အတွင်း အဖုအကျိတ်စသည့် ဒဏ်ရာများကြောင့် ဦးနှောက်တွင်း သွေးကြောပိတ်ဆို့သွားစေကာ လေဖြတ်ခြင်းဖြစ်စေနိုင်ကြောင်း ဆေးပညာရှင်များ၏ ရေးသားဟောပြောချက်များကို ဖတ်ရှုနားထောင်ဖူးသည်။ ကျွန်တော့်မိတ်ဆွေကြီးကား ကံကောင်း၍ လေမဖြတ်သော်လည်း ကံဆိုး၍ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရလေသည်။ ဆေးလိပ်ငွေ့တစ်ရှိုက်သည် လူ့ဘဝကိုတိုစေနိုင်သလို မိမိခြေထောက်ကိုပင် ဖြတ်တောက်လိုက်ရသဖြင့် ဒီထက်ကြောက်စရာ ကောင်းသည့်အရာကား မရှိတော့ပြီ။

 

ဆေးလိပ်သောက်သုံးသူဦးရေ ၂၂ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျ

 

ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သောသူ ၁ ဒသမ ၁ ဘီလီယံကျော်ရှိသည့်အနက် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့ ထုတ်ပြန်သော နိုင်ငံတကာ ဆေးရွက်ကြီးထုတ်ကုန်သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာ အရ ၂၀၀၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဆေးလိပ် သောက်သုံးသူဦးရေ ၂၂ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျသွားကြောင်း အမေရိကန် သိပ္ပံပညာရှင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကောင်းသော သတင်းတစ်ရပ်မဟုတ်ပါလား။၂၀၁၄ ခုနှစ် စစ်တမ်း အရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ယောကျ်ားလေး ၄၃ ရာခိုင်နှုန်းနှင့် အရွယ်ရောက်ပြီးသူ မိန်းကလေးရှစ်ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သုံးကြပြီး ယောကျ်ားလေး ၆၂ ရာခိုင်နှုန်း နှင့်မိန်းကလေး ၂၄ ရာခိုင်နှုန်းသည် ဆေးရွက်ကြီးပါသော ကွမ်းယာစားသုံးကြသည်ဟု ၂၀၁၉ ခုနှစ် ဩဂုတ်လက ကျင်းပပြုလုပ်သော ကျန်းမာရေး ဝန်ကြီးဌာန အလုပ်ရုံဆွေးနွေးပွဲအရ သိရသည်။

 

ဆေးလိပ်သောက်သုံးမှုလျော့ကျစေရေးနှင့် ဆေးလိပ်အန္တရာယ်ကို အားလုံးသိရှိစေရေးအတွက် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ် မသောက်ရနေ့အဖြစ်သတ်မှတ်၍ တစ်နှစ်လျှင် တစ်မျိုး ပညာပေးဆောင်ပုဒ် စာတန်းများဖြင့် ပညာပေးခြင်း၊ ဟောပြောခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ စွမ်းဆောင်ရည် အမြင့်မား ဆုံး ၄၆ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်သည်မှာ မြန်မာအမျိုးသား အမျိုးသမီး လူထုများအတွက် ဝမ်းသာ စရာပင်ဖြစ်သည်။

 

အန္တရာယ်ဖြစ်စေမည့် အမှတ်အသားရုပ်ပုံ၊ စာတန်းများဖြင့် ပညာပေးရိုက်နှိပ်

 

မြန်မာနိုင်ငံသည် ဆေးလိပ်၊ ဆေးရွက်ကြီး ထုပ်ပိုးမှုများတွင် အန္တရာယ်ဖြစ်စေမည့် အမှတ်အသားရုပ်ပုံ၊ စာတန်းများဖြင့် ပညာပေးရိုက်နှိပ်ကြရာတွင်လည်း ဆေးလိပ်ဘူး၏ သုံးပုံတစ်ပုံ ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာဝန်ကြီးဌာနများ က ဦးစီးဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော ဆေးလိပ်ဘူးတွင် အန္တရာယ်ဖြစ်စေမည့် အမှတ်အသားရုပ်ပုံ သတိပေးစာသားများကြောင့် ဩစတြေးလျ၊ စင်ကာပူ စသည့်နိုင်ငံများတွင် ဆေးလိပ်သောက်သုံးမှု ၁၀ ရာခိုင်နှုန်းကျဆင်းသွား ကြောင်းနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ဆေးလိပ်သောက်သုံးမှု တဖြည်းဖြည်းကျဆင်း လျက်ရှိကြောင်း ဆေးလိပ်မသောက်ရေး ပညာပေး ဆောင်းပါးတစ်ခုတွင် ဖတ်ရသည်၊ ထိရောက်သည် ဟု ယူဆ၏။

 

မြန်မာနိုင်ငံတွင် လူတန်းစားပေါင်းစုံ ဆေးလိပ်သောက်ကြသည်။ ဆေးရွက်ကြီးပါသောကွမ်း စားသုံးကြသည်။ လယ်သမား၊ အလုပ်သမားကြီး များကလည်း ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်များကို ပါးစပ်တွင်ခဲ၍ အလုပ်လုပ်၏။ ဆေးရွက်ကြီးပါသော ကွမ်းယာကို ငုံထားလျက် အလုပ်လုပ်ကြ၏။ တတ်နိုင်ကြသော လူတန်းစားများက တန်ဖိုးကြီး စီးကရက်များကို ပါးစပ်တွင်ခဲ၍ အလုပ်လုပ်သည်။ မည်သည့် ဆေးလိပ်ပင်ဖြစ်စေ၊ တန်ဖိုးကြီးသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ ကျန်းမာရေးကို ထိခိုက် စေသော အန္တရာယ်ဖြစ်နိုင်ခြင်းကတော့ အတူတူ ဖြစ်၏။

 

ကျွန်တော်သည် ဆေးလိပ်နှင့်ယမကာ သောက်သုံးခြင်းကြောင့် ထိခိုက်မည့် ကျန်းမာရေး အန္တ ရာယ်ဆိုးနှင့် ကုန်ကျမည့်ငွေကြေးကို ယခင်က နက်ရှိုင်းစွာမတွေးတော မစဉ်းစားမိခဲ့၍ ဆေးလိပ် နှင့် ယမကာနှစ်မျိုးလုံးကို နှစ်ခြိုက်စွာ သောက်သုံးခဲ့သည်ကို ဝန်ခံပါ၏။

 

မကောင်းမှုကို မကောင်းမှန်းသိ၍ ဖြတ်တောက်ဖယ်ရှားလိုက်ခြင်းသည် အချိန်နှောင်းသည်၊ နောက်ကြသည် ဟူ၍မရှိပါ။ ဆေးလိပ်၊ ယမကာဖြတ်စက ဆေးလိပ်သောက်သုံးသူအပေါင်း အသင်းများနှင့် မတွေ့အောင် ရှောင်ခဲ့သည်။ မတွေ့ဖြစ်ရန် လက်ဖက်ရည်ဆိုင်ပင် မထိုင်ဖြစ်အောင် သတိကြီးစွာထားခဲ့၏။ အထူးသဖြင့် ဆေးလိပ် နောက်သို့ ပြန်လည်မပါသွားစေရန်ဖြစ်ပါသည်။ ယခုအခါ ကျွန်တော်သည် မည်သည့် ဆေးလိပ်၊ ယမကာသမားများနှင့် ဆုံရစေကာမူ မတုန်လှုပ်တော့ပါ။ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပြီ၊ ကျန်းမာ ရေးအန္တရာယ်နှင့် ငွေကုန်ကျမှုများကို နက်ရှိုင်းစွာ တွေးတောသိရှိခဲ့လေပြီ။ အပေါစားဆေးလိပ် တစ်ထုပ်၊ အပေါစား စီးကရက်တစ်ဘူး၏ တန်ဖိုးသည် အနည်းဆုံး ကျပ် ၁၅၀၀ အထက်တွင်ရှိသည်။

 

အပေါစားယမကာ တစ်ပုလင်း၏ တန်ဖိုးသည် ကျပ်၂၀၀၀ ထက် မလျော့ချေ၊ ထိုငွေတန်ဖိုးသည် ယခုလိုကာလ အစစအားလုံး ဈေးကြီးသည့်အချိန်တွင် ကြက်ဥ၊ ဘဲဥ ငါးလုံးမှ ခုနစ်လုံးအထိ ရရှိနိုင်သဖြင့် မိသားစုထမင်းဝိုင်းတွင် ဟင်းလျာအဖြစ် လုံလောက်စွာ စားသုံးနိုင်ပါသည်။

 

ဆေးလိပ်၊ ယမကာ၊ ကွမ်းစားသုံးသူများ အနေဖြင့် ထိုသုံးမျိုးကို ဖြတ်တောက်လိုက်ခြင်းကြောင့် မိသားစုကုန်ကျငွေ သက်သာခြင်းထက် ဖော်ပြခဲ့သော ရောဂါပေါင်းစုံဝင်မလာရန် တားဆီးပိတ်ပင်ခြင်း တစ်မျိုးဟုဆိုနိုင်ခြင်းကြောင့် ဆေး လိပ်၊ ယမကာ၊ ကွမ်းစားသုံးမှုများ ကိုယ်ပိုင် အသိတရား အသိစိတ်ဓာတ်ဖြင့် ဖြတ်တောက်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။ ။