တီဟီရန် နိုဝင်ဘာ ၁
အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ရေတပ်ဖွဲ့သည် နိုင်ငံ၏တောင်ပိုင်း ရေပိုင်နက်အတွင်း လောင်စာဆီလီတာ ၁၁ သန်းကျော် တရားမဝင်သယ်ဆောင်လာသည့် ပြည်ပ လောင်စာဆီတင် သင်္ဘောတစ်စင်းအား ဖမ်းဆီးခဲ့ကြောင်း တက်စ်နင်သတင်း အေဂျင်စီက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါသင်္ဘောပေါ်တွင် တင်ဆောင်လာသည့် တရားမဝင်လောင်စာဆီ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၇ သန်း တန်ဖိုးရှိကြောင်း ဟော်မုဇ်ဂန်ပြည်နယ် တရားသူကြီးချုပ် မိုဂျ်တာဘာကာ ရီမာနီ၏ ပြောကြားချက်ကို ကိုးကား၍ တက်စ်နင် သတင်းအေဂျင်စီ က သတင်းဖော်ပြခဲ့သည်။
အဆိုပါလောင်စာဆီတင်သင်္ဘောမှ သင်္ဘောကပ္ပတိန်နှင့် အမှုထမ်းများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်းနှင့် တရားမဝင်လောင်စာဆီ သယ်ဆောင်နိုင်ရန် အကူအညီပေးခဲ့သည့် အခြားသော ရေယာဉ်များကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဟော်မုဇ်ဂန် ပြည်နယ်တရားသူကြီးချုပ်က ပြောကြားသည်။
အီရန်ရေတပ်သည် ပြီးခဲ့သည့်လများကလည်း တရားမဝင်လောင်စာဆီ သယ်ဆောင်လာသော သင်္ဘောများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်