နိုဝင်ဘာ ၁

ကနေဒါနိုင်ငံ၏အကြီးဆုံးမြို့ကြီးဖြစ်သောတိုရန်တိုရှိ အထက်တန်းကျောင်း၏အရှေ့ဘက်ဝင်းတွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင်ကုသမှုခံယူလျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါကျောင်းအပြင်ဘက်တွင် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၂ မိနစ်ဝန်းကျင်က ပစ်ခတ်မှုဖြစ်ဖြစ်ပွားခဲ့သည်ဟု တိုရန်တိုရဲတပ်ဖွဲ့ကအတည်ပြုပြောကြားခဲ့ကြောင်း ဒေသန္တရမီဒီယာကဖော်ပြထားသည်။

သေနတ်ဒဏ်ရာရရှိသောအမျိုးသားတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ၎င်းကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုသူမှာဆေးရုံမှာပင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။

ထို့ပြင်ဆယ်ကျော်သက်အရွယ်ယောက်ကျားလေးတစ်ဦးအား အရေးပေါ်ကုသမှုစင်တာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းကျောင်းအဝင်အထွက်အား ပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ယခုအချိန်အထိ သေနတ်ပစ်ခတ်သူအားဖမ်းမိထားခြင်းမရှိသေးသော်လည်း ပစ်ခတ်သူဟုသံသယရှိသူမှာ အနောက်ဘက်သို့ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို