နိုဝင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်ကုန်ပိုင်းက အပူပိုင်းမုန်တိုင်း နာဂေးတိုက်ခတ်မှုကြောင့် လူ ၁၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့တွင် ပြောကြားသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းနေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။

ထိုနာဂေးမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သော မုန်တိုင်းများအနက် တစ်ခုဖြစ်သည်။

ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်ပြည်သူ ၂ ဒသမ ၄ သန်းကျော် ရေဘေးသင့်ခဲ့ပြီး လမ်းပေါင်း ၃၆၄ လမ်း၊ တံတား ၈၂ စင်းပျက်စီးကာ ဒေသအများအပြားတွင်ဓာတ်အားပြတ်တောက်ခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထိုမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်းတိုက်ခတ်သောမုန်တိုင်းများအနက် ၁၆ ကြိမ်မြောက် တိုက်ခတ်သောမုန်တိုင်းဖြစ်သည်။

ဖိလစ်ပိုင်အလယ်ပိုင်းနှင့်တောင်ပိုင်းတို့တွင် ဧပြီလက အပူပိုင်းမုန်တိုင်း မီဂီတိုက်ခတ်မှုကြောင့် ဒေသအများအပြားတွင် ရေလွှမ်းမိုးမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၂၂၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းဖော်ပြထားသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို