စစ်တွေ နိုဝင်ဘာ ၁
ယခုကဲ့သို့ လူမှုစီးပွားဘဝ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များ အနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်အောင်မြင်ကြစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပေးသည့် အခြေခံ သင်ခန်းစာများကို စိတ်ဝင်စားစွာ လေ့လာသင်ယူပြီး တတ်မြောက်လာသော အခြေခံစက်ချုပ်ပညာရပ် များမှတစ်ဆင့် လုပ်ငန်းခွင်ဝင်နိုင်သည့် အဆင့်ဖြစ်အောင် လေ့ကျင့်ကြိုးစားသင်ယူကြရန် လိုကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြွယ်က အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်း သား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်လျက်ရှိပြီး အစိုးရနည်း ပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ တစ်လကြာသင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်