နေပြည်တော် နိုဝင်ဘာ ၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)ခုအတွင်းတွင် သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Aluminium Materials အပါအဝင် ပစ္စည်း(၇)မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၂၈,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်နှင့် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမော်မြို့အထွက် (၅)မိုင် စီအင်လုံခြုံရေး ဂိတ်တွင် မော်တော်ယာဉ်(၂)စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် အရွယ်စုံ လက်ကောက်ကွင်းများနှင့် ပုတီးစေ့များ (၃၉၇.၃)ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၅၆၈,၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၅၆၈,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ( ၂ ဒသမ ၇၆၃၃)တန် ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၉၃,၄၃၁ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဒုတိယအဖွဲ့ခေါင်းဆောင်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၆၇၂,၇၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၁ ရက်တွင် ကရင်ပြည်နယ် ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး ပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရစ္ဆာန်အစာ (၆၀)အိတ် ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် Spray Paint (၆၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng အမျိုးအစား Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၉၂၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ( ၅ ဒသမ ၃၁၃၀) တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၂၇,၁၁၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ၂၈ ရက်၊ ၃၀ ရက်၊ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁,၃၀၉,၂၄၇ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်