မန္တလေး  ၁၀  ဖေဖော်ဝါရီ 

 

(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဋ္ဌမအကြိမ် တိုင်းရင်းသား လူမျိုးစုများဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကို မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ တအာင်းစသည့် လူမျိုး(၈)မျိုးဖြင့်စတင်ကျင်းပခဲ့ပြီးယခုနှစ်တွင် ထူးခြားမှုအနေဖြင့် ယခင်လူမျိုးစု(၈)စုအပြင် ဗမာ၊ ကယန်း၊ တောင်ရိုး၊ နာဂ၊ ပအိုဝ်း၊ ရှမ်းနီ၊ အင်းသား၊ ဓနု၊ ယော၊ လီဆူစသည့် တိုင်းရင်းသား ၁၀ မျိုးထပ်တိုးလာပါကြောင်း။

 

မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများပါဝင်သည့်ပွဲသို့ တက်ရောက်ခွင့်ရသည့် အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံပါဝင်သည့်ဈေးရောင်းပွဲတော် ကျင်းပခြင်းကြောင့် တိုင်းရင်းသားများအချင်းချင်းတစ်ဦးနှင့် တစ်ဦးမတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုသိရှိနားလည်လာကြပြီး ရင်းနှီးချစ်ကြည်မှုများ ရရှိလာနိုင်ကြမည့်အပြင် ရင်းနှီးချစ်ကြည်မှုမှတစ်ဆင့် တစ်ဦးအပေါ် တစ်ဦးချစ်ခင်ယုံကြည်မှုများ တိုးပွားရရှိလာမည်ဖြစ်ပါကြောင်း၊ယခုဈေးရောင်းပွဲတော်မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ပြီး တရားမျှတ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ 

 

000

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းရင်းသား လူမျိုးစုများ၏ ဈေးရောင်းပွဲတော်ဆိုသည်မှာလူမျိုးစုတစ်စုချင်းစီ၏ ဓလေ့ထုံးတမ်းစဉ်လာ များကို မြင်တွေ့ခွင့်ရရှိအောင် ထုတ်ဖော်ပြသသည့် ပြပွဲတစ်ခုအဖြစ်ခံယူပါကြောင်း၊ တိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးအစုအဖွဲ့ ၁၈ ခုအထိအခြေစိုက်နေထိုင်ကြသည့် အတွက် တစ်နိုင်ငံလုံးထက် ချစ်ခင်ရင်းနှီးမှု ပိုမိုသာလွန်မည်ဖြစ်ပြီးဧရာဝတီ၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီးများနှင့်အတူ အမြဲထာဝရတည်ရှိနေမည်ဟု မန္တလေးသူ၊ မန္တလေးသားတို့မှ ယုံကြည်ပါကြောင်း ပြောကြားသည်။ 

 

ယင်းနောက် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများဈေးရောင်းပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်ကကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဈေးရောင်းပွဲ တော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် တိုင်းရင်းသားတို့၏ ဒေသထွက်ကုန်များ၊ ရိုးရာအသုံးအဆောင်နှင့် အစားအစာအရောင်းဆိုင်ခန်းများကို ကြည့်ရှုအားပေးကြသည်။ 

 

မန္တလေးမြို့တွင် အခြေချနေထိုင်ကြသောတိုင်းရင်းသားလူမှုရေးအသင်းအဖွဲ့များမှ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အဋ္ဌမအကြိမ် တိုင်းရင်းသား လူမျိုးစုများဈေးရောင်းပွဲတော်ကို မန္တလာသီရိအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်အထိ တိုင်းရင်းသားလူမျိုးစုများ၏ ဒေသထွက်ကုန်နှင့် ရိုးရာအသုံးအဆောင် ဆိုင်ခန်းပေါင်း ၁၈ ခန်းနှင့် ရိုးရာအစားအစာဆိုင်ခန်းပေါင်း ၁၈ ခန်းအပြင် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အ ရောင်းဆိုင်များပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ည ၁၁ နာရီအထိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကပဒေသာဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

00