ဒေါက်တာသက်ပိုင်ဦး (မွေး/သု)

ကမ္ဘာ့ပျားမွေးမြူရေး

ကမ္ဘာကြီးသည် ခေတ်စနစ်နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ရွာကြီးတစ်ရွာကဲ့သို့ ဖြစ်လာပါသည်။ လူသားများ၏ စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည်လည်း ခေတ်နှင့်အညီ နည်းပညာများတိုးတက် ပြောင်းလဲလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် အပြန်အလှန်  အမှီသဟဲပြုနေသည့် မွေးမြူရေးလုပ်ငန်းများတွင် ပျားမွေးမြူရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိဒေသအလိုက် ပျားအုံပိုင်ဆိုင်မှုများကို လေ့လာကြည့်ပါက အာရှတွင် ၄၄ ရာခိုင်နှုန်း၊ အာဖရိကတွင် ၂၁ ရာခိုင်နှုန်း၊ ဥရောပဒေသတွင် ၂၁ ရာခိုင်နှုန်း၊ အမေရိကဒေသတွင် ၁၃ ရာခိုင်နှုန်းနှင့် သမုဒ္ဒရာဒေသတွင် ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံတွင် ပျားမွေးမြူရေးလုပ်ကိုင်သူ ၁၅၀၀၀ခန့်သည် ပျားအုံပေါင်း တစ်သန်းကျော်ခန့် မွေးမြူထားရှိပြီး တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပျားရည်ထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် ပျားရည်မက်ထရစ်တန် ၄၅၈၀၀၀ ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ 

မြန်မာ့ပျားမွေးမြူရေး

မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပ်ငန်းကို ဥရောပပျားမျိုး (Apis mellifera) ကို ပြည်ပမှ ၁၉၇၉ ခုနှစ်တွင် တင်သွင်းမွေးမြူခဲ့ကာ ယနေ့အချိန်အထိ ပျားမွေးမြူရေးလုပ်ကိုင်သူ ၉၀၀ ခန့်သည် ပျားအုံ စုစုပေါင်း ၁၉၂၇၇၀ ခန့်မွေးမြူလျက်ရှိပြီး ပျားရည်ထုတ်လုပ်မှုမှာ နှစ်စဉ် ၅၁၅၀ မက်ထရစ်တန်ခန့်ထုတ်လုပ်၍ အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ 

စိုက်ပျိုးရေးနှင့် မွေးမြူရေး အပြန်အလှန်အကျိုးပြုမှု

ဝတ်မှုန်ကူးပေးသည့် အင်းဆက်များစွာရှိသည့်အနက် ပျားများ၏ ခန္ဓာကိုယ်နှင့် ခြေထောက်၌ သဘာဝတရားကပေးထားသည့် အမွေးအမျှင်ကလေးများနှင့် ဝတ်မှုန်သယ်ဆောင်သည့် ဝတ်မှုန်အိတ်လေး ပါဝင်သည့်အတွက် အခြားအင်းဆက်များနှင့် မတူညီဘဲ ဝတ်မှုန်များစွာကို သယ်ဆောင်၍ တစ်ပင်နှင့်တစ်ပင် ကူးလူးဆက်သွယ်ခြင်းဖြင့် ပန်းပွင့်များ၊ အစေ့အဆန်များ ပိုမိုဖြစ်ထွန်းအောင်မြင်စေပါသည်။ စိုက်ပျိုးသူတောင်သူများအတွက် စိုက်ပျိုးသီးနှံများ အောင်မြင်နိုင်စေသလို မွေးမြူသူတောင်သူများအတွက်လည်း ပျားမှထွက်ရှိသည့် ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ်မှုန်များကို ရရှိသည့် အကျိုးကျေးဇူး အပြန်အလှန် ရရှိစေပါသည်။

ပျားမျိုးများ

ကမ္ဘာပေါ်တွင် ပျားမျိုးစိတ်ပေါင်း ၂၀၀၀၀ ကျော်ရှိပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်းနှင့် လူသားများ နေရာချဲ့ထွင်လာခြင်းတို့ကြောင့် မျိုးပြုန်းခဲ့ရကြောင်း ကမ္ဘာ့သုတေသနပညာရှင်များက မှတ်တမ်းတင်ဖော်ပြထားပါသည်။ ပျားမျိုးစိတ်အားလုံးသည် ပျားရည်ထုတ်လုပ်နိုင်သော ပျားမျိုးများ မဟုတ်ကြပါ။ ဝတ်ရည်စုပျား (Honey Bee) ဆိုသည်မှာ ပန်းပွင့်များမှ ပန်းဝတ်ရည်ကို စားသုံး၍ ပျားရည်ထုတ်လုပ်ခြင်း၊ အစုဖွဲ့ဖြင့် နေထိုင်ခြင်းနှင့် ပန်းပွင့်များသန္ဓေအောင်ပြီး အသီးနှင့် မျိုးစေ့များရရှိစေရန် ဝတ်မှုန်ကူးပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ ကမ္ဘာပေါ်တွင် ဝတ်ရည်စုပျားမျိုးစိတ် ၁၉ မျိုးရှိပြီး အဆိုပါမျိုးမှ ထပ်မံခွဲထွက်သော မျိုးစိတ်ပေါင်း(Sub-species) ၄၃ မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင်ဒေသတွင်း ပျားမျိုးရင်းများဖြစ်သော သစ်ခေါင်းပျား(Apis cerana)၊ ပျားကြီးမျိုး(Apis dorsata)၊ ပျားကြီးမျိုးစိတ်(Apis laboriosa)၊ ယင်ပျားမျိုး (Apis florea)၊ ယင်ပျားမျိုးစိတ်(Apis andreniformis) တို့ကို ဒေသအလိုက်တွေ့ရှိရပြီး ဥရောပပျားမျိုးဖြစ်သော အေပစ်မယ်လီဖယ်ရာ (Apis mellifera) ပျားမျိုးစိတ် ခုနစ်မျိုးကို စစ်တမ်းများအရ အများဆုံးတွေ့ရှိကြောင်း ဖော်ပြထားပါသည် -

(၁)     Apis mellifera mellifera

(၂)    Apis mellifera lingustica

(၃)    Apis mellifera carnica

(၄)    Apis mellifera anatillica

(၅)    Apis mellifera siciliana

(၆)     Apis mellifera buckfast

(၇)     Apis mellifera caucasica

ပျားသဘာဝ

ပျားအုံတစ်အုံ၌ ပျားဘုရင်မ (Queen)၊ ပျားထီး (Drone)နှင့် လုပ်သားပျား(Worker) တို့ဖြင့် ဖွဲ့စည်းထားပြီး ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာပါရှိကာ ဥဘဝမှ အရွယ်ရောက်ချိန်အထိ ၁၆ ရက်ကြာပါပြီး အဓိကလုပ်ငန်းတာဝန်မှာ မျိုးဆက်ပြန့်ပွားရန် အတွက် ဥချပေးခြင်းနှင့် ပျားများ မိမိ၏လုပ်ငန်းတာဝန်များ ထမ်းဆောင်စေရန် လှုံ့ဆော်ပေးခြင်းတို့ လုပ်ဆောင်ပါသည်။ ဘုရင်မတစ်ကောင်သည် ၈-၉ နှစ်ကြာ အသက်ရှင်နေထိုင်နိုင်ပြီး တစ်ရက်လျှင် ဥ ၁၅၀၀ ခန့် ဥပေးနိုင်ပါသည်။ 

ပျားထီး၏ ခန္ဓာကိုယ်အရွယ်အစားမှာ လုပ်သားပျားထက် ကြီးမားပါသည်။ ဥဘဝမှ အရွယ်ရောက်ချိန်အထိ ၂၄ ရက်ကြာပြီး အဓိကလုပ်ငန်းတာဝန်မှာ ဘုရင်မနှင့် မိတ်လိုက်ရန်ဖြစ်ပြီး ပျားဘုရင်မနှင့် မိတ်လိုက်ရန်အတွက် သတ်မှတ်ထားသော မိတ်လိုက်ဇုန်(Drone Congregation Area- DCA) နေရာ၌ပျားဘုရင်မနှင့် အောင်မြင်စွာ မိတ်လိုက်ပြီးလျှင် ထိုနေရာမှာပင် သေဆုံးရပါသည်။ 

ပျားမ(လုပ်သားပျား)သည်  ပျားအုံတစ်အုံတွင်  အရေအတွက် အများဆုံးပါဝင်ပြီး ဘုရင်မနှင့် ပျားထီးတို့ထက် အရွယ်အစားသေးငယ်ပါသည်။ ဥဘဝမှ အရွယ်ရောက်ချိန်အထိ ၂၁ ရက်ကြာမြင့်ကာ မျိုးပွားခြင်း မပြုလုပ်နိုင်ဘဲ မွေးဖွားချိန်မှ သေဆုံးချိန်အထိ အလုပ်လုပ်ရပါသည်။ အဓိကလုပ်ငန်းတာဝန်မှာ ဝတ်ရည်၊ ဝတ်မှုန်များသိမ်းဆည်းပေးခြင်း နှင့် အစာရှာဖွေခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။ လုပ်သားပျားများ၌ ချိတ်ပုံစံအဆိပ်ဆူးပါရှိပြီး ရန်သူကိုတိုက်ခိုက်ရန် အရေပြား အတွင်းထိုးသွင်းပြီးနောက် အဆိပ်ဆူးပြုတ်ထွက်ကာ သေဆုံးကြရပါသည်။ 

ဝတ်မှုန်ကူးခြင်း

ဝတ်မှုန်ကူးခြင်းဆိုသည်မှာ ပန်းပွင့်၌ပါဝင်သော အဖိုဝတ်မှုန်ကို ပန်းပွင့်မှာရှိသော အမဝတ်မှုန်ခံထိပ်ပေါ်သို့ ကျရောက်ဝတ်မှုန်ကူးပေးခြင်းဖြင့် သန္ဓေအောင်စေပြီး အသီးနှင့် အစေ့များ ဖြစ်လာခြင်းဖြစ်ပါသည်။ ထိုသို့ဝတ်မှုန်ကူပေးရန်အတွက် ပျားအပါအဝင် ပိတုန်း၊ လိပ်ပြာ၊ ငှက်များနှင့် အခြားသော တိရစ္ဆာန်များနှင့် အင်းဆက်ပိုးများ ပါဝင်ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖော်ပြချက်အရ ပန်းပွင့်သောအပင်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည့် ဝတ်မှုန်ကူးပေးသူ အကူအညီဖြင့် သန္ဓေအောင်စေပြီးအသီးနှင့် အစေ့များ ရရှိခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အဓိကစိုက်ပျိုးသော သီးနှံပင်များမှ အသီးနှင့် အစေ့များ အထွက်နှုန်းပိုမိုတိုးပွားရရှိရန်အတွက် ဝတ်မှုန်ကူးရန်လိုအပ်ပါသည်။ ပျားများသည် ပန်းပွင့်များကို ဖျက်ဆီးသောကြောင့် အသီးမသီးခြင်း၊ အသီးများပုပ်ခြင်း စသောရှေးအယူအဆများရှိနေခြင်းကြောင့် စိုက်ပျိုးသူနှင့် မွေးမြူသူများအကြား နားလည်မှုလွဲမှားသည့် ပြဿနာများရှိသကဲ့သို့ သီးနှံခင်းများကို ဓာတုပိုးသတ်ဆေးများ သုံးစွဲခြင်းနှင့် ပျားရောဂါများကြောင့် ပျားများ သေဆုံးနှုန်းမြင့်မားပြီး ပျားကောင်ရေလျော့နည်းလာသည်ကို စစ်တမ်းများအရ တွေ့ရပါသည်။ ထို့ကြောင့် ပျားမွေးမြူရေး လုပ်ငန်းသည် တောင်သူများ၏ စိုက်ခင်းမှသီးနှံပင်များသာမက သဘာဝပတ်ဝန်းကျင်ရှိ အပင်များကို ဝတ်မှုန်ကူးပေးသော အကျိုးပြု လုပ်ငန်းဖြစ်သည့်အတွက် စိုက်ပျိုးသူနှင့် မွေးမြူသူ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်  တစ်ဖက်တစ်လမ်းမှ  သဘာဝဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်ပေသည်။    

အကျိုးကျေးဇူး

ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဝတ်မှုန်ကူးခြင်း ပိုမိုလုပ်ဆောင်နိုင်ပြီး တောင်သူများ သီးနှံအထွက်တိုးရုံသာမက ပျားမွေးသူများပါ အပြန်အလှန်အကျိုးရှိစေခြင်း၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခြင်းကြောင့် လူသားအကျိုးပြုလုပ်ငန်း တစ်ခုဖြစ်ခြင်း၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်သည်အထိ တိုးချဲ့မွေးမြူနိုင်ပြီး ရေရှည်တည်တံ့သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပျားထွက်ပစ္စည်းများကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ 

မြန်မာနိုင်ငံ၏ ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော မျိုးရိုးဗီဇကောင်းမွန်သော ပျားမျိုးများရရှိစေရန် ပျားဘုရင်မမွေးမြူခြင်းနှင့် မေထုန်မဲ့နည်းဖြင့် မျိုးအောင် ဘုရင်မမွေးမြူခြင်းနှင့် ခေတ်မီဆန်းသစ်သော ပျားမွေးမြူရေးနည်းစနစ်များ ဖွံ့ဖြိုးလာစေရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံမှထွက်ရှိသော ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို ပြည်တွင်းစားသုံး၍ ပြည်ပသို့တင်ပို့နိုင်ရန် ဈေးကွက်ဝင် တန်ဖိုးမြင့် ထုတ်ကုန်ကွင်းဆက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း၍  စိုက်ပျိုးရေးနှင့် မွေးမြူရေး အပြန်အလှန် အကျိုးပြုသည့် ပျားမျိုးစိတ်များအကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။  ။