နေပြည်တော်၊ နိုဝင်ဘာ ၂

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ ရန်ကုန်-မန္တလေး သွားကားလမ်းတွင် မျိုးမြင့်မောင်(ခ)ဖိုးသား မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းနှင့် မြန်မာငွေကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မျိုးညွန့်အောင်(ခ)အငယ်ချေအား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၆ လမ်း၊ ၁၃၀ လမ်းထောင့်တွင်လည်းကောင်း၊ ည ၇ နာရီခွဲတွင် ကျော်ကျော်ဝင်း (ခ)ဦးကျော်အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ တံခွန်တိုင်အဝိုင်းအနီးတွင် မော်တော် ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)