စစ်တွေ   နိုဝင်ဘာ ၂

 

ဂုဏ်ပြုအလှပြယာဉ်ကြီးတွင် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ထောင်စုအတွင်း တည်ရှိနေသော ပြည်နယ် တစ်ခုအနေဖြင့် ပြည်နယ်၏ဂုဏ်ကို ဖော်ဆောင်နိုင်မည့် Land Mark များ ထည့်သွင်းရေး၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြ သူများအပါအဝင် ထင်ရှားသည့် တိုင်းရင်းသားခေါင်းဆောင်များကို ထည့်သွင်းဖော်ပြရန်နှင့် ဒေသစားနပ်ရိက္ခာ ဖူလုံရေးအတွက် အထောက်အကူပြုနိုင်မှုများကိုလည်း ထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားသည်။

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာတွင်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုယာဉ်တွင် ပြသထားသော ပြကွက်များ၏ ရည်ရွယ်ချက် အကျဉ်းချုပ်နှင့် ပြည်နယ်၏ ဂုဏ်ကိုဖော်ဆောင်မည့် ပြကွက်များ အပါအဝင် ဆောင်ရွက်မည့်အစီ အမံများကိုလည်း စနစ်တကျရေးဆွဲ ဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူ ပြခန်းများခင်းကျင်း ပြသရာတွင်လည်း ပြည်သူများစိတ်ဝင်စားဖွယ်ဖြစ်စေရေးနှင့် ခန့်ညားထည်ဝါစေရေး၊ မိမိတို့ပြည်နယ်၏ ရိုးရာဓလေ့ထုံးစံများ၊ ထူးခြားသောရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်လက္ခဏာများတို့ကို စုံလင်စွာ  ပြသနိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာကော်မတီများနှင့် ချိတ်ဆက်ပြီး သတ်မှတ်ချိန်အမီ ခင်းကျင်း ပြသနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားစေလိုကြောင်းနှင့် အထူးသဖြင့် သက်ဆိုင်ရာ ကော်မတီများ၏ လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာပြီး ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က ဂုဏ်ပြုယာဉ်နှင့် ပြခန်းများ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ယခင် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တွေ့ကြုံခဲ့သည့် အသာချက်၊ အားနည်းချက်များ စသည်တို့ကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြင်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက် လာသူများက  ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)